ဝါရှင်တန် ဇွန် ၁၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆွေးနွေးပွဲကမ်းလှမ်းချက်ကို အီရန်က မကြာမီ လက်ခံနိုင် ဖွယ်ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးကို ကိုးကားပြီး နယူး ယောက်တိုင်းမ်သတင်းစာက ဖော်ပြလိုက်သည်။
အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန်နှင့် အီရန်၏ နျူကလီးယားအစီအစဉ်အကြောင်း ဆွေးနွေးရန် အီရန်နိုင်ငံခြားရေးဝန်ကြီး အဲဘတ်စ်အာရာဂါချီက အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးမှု ကို လက်ခံသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အဆိုပါသတင်းစာက ဇွန် ၁၈ ရက်က ဖော်ပြခဲ့သည်။
အီရန်က ယူရေနီယံသန့်စင်ရေးအစီအစဉ်ကို စွန့်လွှတ်ရန် သဘောတူမည်ဆိုပါက အစောဆုံး ယခု သီတင်းပတ်အတွင်း မစ္စတာထရမ့်၏ အထူးသံတမန် စတိဗ်တစ်ကော့ဖ် သို့မဟုတ် ဒုတိယ သမ္မတ ဂျေဒီဗန့်စ်တို့သည် အီရန်ကိုယ်စားလှယ်အဖွဲ့များနှင့် အဆင့်မြင့်အရာရှိအဆင့် တွေ့ဆုံ ဆွေးနွေးပွဲတစ်ခုကို ကျင်းပနိုင်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက် ကို အေဘီစီသတင်းဌာနက ဖော်ပြခဲ့သည်။
အင်န်အိတ်ချ်ကေ