ဝါရှင်တန် ဖေဖော်ဝါရီ ၂၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ ပထမဆုံးအစည်းအဝေးကို ယမန်နေ့က ဝါရှင်တန်၌  လက်ခံကျင်းပသည်။

အဖွဲ့ဝင်နိုင်ငံများက ဂါဇာကမ်းမြောင်ဒေသ ပြန်လည်ထူထောင်ရေးအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် ကတိပြုခဲ့ကြောင်း ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဥက္ကဋ္ဌ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် နယ်မြေလုံခြုံရေးကို ဖြည့်ဆည်းပေးရန်နှင့် နယ်မြေကို ပြန်လည်တည်ဆောက်ရန် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။

အဆိုပါငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစည်းအဝေးကို နိုင်ငံပေါင်း ၄၀ ကျော်မှ ခေါင်းဆောင်များနှင့် ဝန်ကြီးများက တက်ရောက်ခဲ့သည်။

အမေရိကန်နိုင်ငံက ဘုတ်အဖွဲ့အတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ လှူဒါန်းမည်ဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။

ဂါဇာဒေသရှိ အပျက်အစီးများကို ပြန်လည်ထူထောင်ရန်အတွက်  အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံကုန်ကျမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်က ပြောကြားခဲ့သည်။

ယခုအချိန်အထိ အပျက်အစီးများအနက် သုည ဒသမ ၅ ရာခိုင်နှုန်းသာ ရှင်းလင်းဖယ်ရှားပြီးကြောင်းနှင့် အရှိန်အဟုန်ဖြင့် အားလုံးကို ဖယ်ရှားရန် ခုနစ်နှစ် အချိန်ယူရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အကူအညီများ မရှိမဖြစ်လိုအပ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အုပ်ချုပ်ရေးမှူး အလက်ဇန္ဒားဒီကရူးက ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်သို့ ရောက်ရှိပြီးပါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ထပ်မံကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သို့သော် သမ္မတထရမ့်၏  ငြိမ်းချမ်းရေးအစီအစဉ်သည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပြီး ဟားမတ်စ်က လက်နက်ဖြုတ်သိမ်းရေးကို သဘောတူနိုင်မည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်