ဝါရှင်တန် မေ ၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးတို့သည် ယမန်နေ့က ဝါရှင်တန်၌တွေ့ဆုံပြီး အခွန်ကောက်ခံမှုများနှင့် အခြားအငြင်းပွားဖွယ်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကာနေးသည် အမေရိကန်နှင့်ဆက်ဆံရေးကောင်းမွန်ရန် ကြိုးပမ်းသွားမည်ဆိုသည့် ကတိကဝတ်ကြောင့် ပြည်သူများ၏ထောက်ခံမဲကိုရရှိကာ မတ်လရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် ကနေဒါနှစ်နိုင်ငံ သမိုင်းကြောင်းအရ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုအင်အားတောင့်တင်းစေပြီး အကျိုးတူဆောင်ရွက်ရန် အခွင့်အလမ်းများရှိကြောင်း ကနေဒါဝန်ကြီးချုပ် ကာနေးက ပြောသည်။
ဒေါ်နယ်ထရမ့်သည် ကာနေး၏ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းအပေါ် ချီးကျူးစကားပြောကြားသည်။
ခေါင်းဆောင်များသည် နှစ်နိုင်ငံ အရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသော်လည်း တင်းမာသည့် အခိုက်အတန့်များလည်း ရှိခဲ့ကြောင်း သိရသည်။
ကနေဒါသည် အမေရိကန်နိုင်ငံ ဖြစ်သင့်သည်ဟု ထရမ့်၏ ယခင်မှတ်ချက်များနှင့်ပတ်သက်၍ သတင်းထောက် တစ်ဦး၏မေးမြန်းချက်အပေါ် သမ္မတဒေါ်နယ်ထရမ့်က အဆိုပါအစီအစဉ်သည် ကနေဒါပြည်သူများအတွက် အကျိုးရှိမည်ဖြစ်ကြောင်းနှင့် ကာကွယ်ရေးနှင့်လုံခြုံရေး စိတ်ချရမှု၊ ဆေးကုသမှုနှင့် တခြားသော အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ သို့သော် ကနေဒါနိုင်ငံသည် အမေရိကန်နိုင်ငံ မဟုတ်ပါက ကြီးမားသည့် အခွန်ဖြတ် တောက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ဆက်လက် ပြောကြားသည်။
ကနေဒါနိုင်ငံသည် ရောင်းရန်မဟုတ်ကြောင်းနှင့် နှစ်နိုင်ငံအတူတကွဆောင်ရွက်ကာ အခွင့်အလမ်းများစွာကို ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ကနေဒါ ဝန်ကြီးချုပ်ကာနေးက ပြောသည်။
ထို့ပြင် နှစ်နိုင်ငံဆွေးနွေးပွဲများသည် ကနေဒါနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားမှုအပေါ် အခြေခံရမည်ဖြစ်ကြောင်း ကာနေးက ဆက်လက်ပြောကြားသည်။
ခေါင်းဆောင်နှစ်ဦးသည် အပြန်အလှန် အခွန်ကောက်ခံမှုများနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ခ်ျကေ
ဘာသာပြန် - အောင်ကျော်ကျော်