ဝါရှင်တန် မတ် ၁၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှား သမ္မတဗလာဒီမာပူတင်တို့သည် ယူကရိန်းအရေးနှင့် ပတ်သက်ပြီး မတ် ၁၈ ရက်တွင် ဖုန်းဖြင့် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
အပစ်အခတ်ရပ်စဲရေးရရှိရန်အတွက် ကနဦး လှုပ်ရှားမှုအနေဖြင့် စွမ်းအင်နှင့် အခြေခံအဆောက် အအုံ အပစ်အခတ်ရပ်စဲရေးမှ စတင်သင့်ကြောင်း ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့သည်။
ပင်လယ်နက်တွင် အပစ်အခတ်ရပ်စဲရေး၊ အပြည့်အဝ အပစ်အခတ်ရပ်စဲရေးနှင့် အမြဲတမ်း ငြိမ်းချမ်းရေးရရှိရန်အတွက် စေ့စပ်ညှိနှိုင်းမှုများကို ချက်ချင်းစတင်မည်ဟု ခေါင်းဆောင်နှစ်ဦးက သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြသည်။
ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံစလုံးသည် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ရက်ပေါင်း ၃၀ ကြာ တိုက်ခိုက်ခြင်းမှ ရှောင်ရှားရန် သမ္မတ ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်ကို ရုရှားသမ္မတ ပူတင်က အပြု သဘောဖြင့် တုံ့ပြန်ခဲ့ကြောင်း ကရင်မလင်က ပြောကြားသည်။
ထို့ပြင် ရုရှား-ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရန် ကြိုးပမ်းမှုအဖြစ် ရုရှားနှင့် အမေရိကန် ကျွမ်းကျင်သူ အဖွဲ့များ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြောင်း အဆိုပါရုံးက ဆိုသည်။
ပဋိပက္ခများ ပြင်းထန်လာခြင်းကို တားဆီးရန် အဓိက ဆောင်ရွက်ရမည်မှာ ယူကရိန်းအား နိုင်ငံခြား စစ်ဘက်ဆိုင်ရာ အကူအညီများနှင့် ထောက်လှမ်းရေးသတင်းများ ပေးအပ်ခြင်းကို အပြီးအပြတ် ရပ်ဆိုင်းရန်ဖြစ်ကြောင်း ကရင်မလင်က ပြောသည်။
ထို့ပြင် အကျပ်အတည်း၏ မူလဇာစ်မြစ်ကို ဖြေရှင်းရန် လိုအပ်ကြောင်းနှင့် ရုရှား၏ တရားဝင် လုံခြုံရေး အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားသင့်ကြောင်း အဆိုပါရုံးက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်