ဂျေရုဆလင်  အောက်တိုဘာ  ၁၇

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင် သည် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့်     တွေ့ဆုံရန် အောက်တိုဘာ ၁၈ ရက်တွင် အစ္စရေးနိုင်ငံသို့  သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်     နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ    ဂျိုးဘိုင်ဒင် သည်  ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့ ထိန်းချုပ်ထားသည့် ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားအများအပြား သေဆုံးဒဏ်ရာရမှုနှင့် စပ်လျဉ်း၍ သေဆုံးဒဏ်ရာရရှိမှုနည်းစေရေး အစ္စရေး နိုင်ငံနှင့်   အမေရိကန်နိုင်ငံတို့အကြား ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အီရန်နှင့်    အခြားသောပဋိပက္ခများ အရှိန်မပြင်းစေရန်     သတိပေးမည်ဟု မျှော်လင့်ရကြောင်းလည်း  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး   ဘလင်ကန်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ  ဂျိုးဘိုင်ဒင်သည် အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟု နှင့် တွေ့ဆုံပြီးနောက် ဂျော်ဒန်နိုင်ငံသို့ သွားရောက်ရန်  စီစဉ်ထားကြောင်းလည်း အိမ်ဖြူတော်   အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်  ဂျွန်ကာဘီက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဂျော်ဒန်နိုင်ငံဘုရင်  အဗ္ဗဒူလာ၊ ပါလက်စတိုင်းနိုင်ငံသမ္မတ   မာမွတ်အဘတ်၊ အီဂျစ်နိုင်ငံသမ္မတ   အယ်လ်စီစီတို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း အိမ်ဖြူတော်  အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဂျွန်ကာဘီက ဆက်လက်ပြောကြားခဲ့သည်။

 ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်