ဝါရှင်တန် ဒီဇင်ဘာ ၂၂

 

အဲဖို့စ်ဝမ်း လေယာဉ်ပေါ်တွင် ဒီဇင်ဘာ ၁၇ ရက်က နာရီဝက်ခန့် အတူရှိခဲ့သော ဝန်ထမ်းတစ်ဦး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေကြောင်း ဒီဇင်ဘာ ၂၁ ရက်က တွေ့ရှိပြီးနောက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကို ကိုဗစ်-၁၉ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားခြင်း မတွေ့ရှိခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်သည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို အန်တီဂျန်နည်းဖြင့် ပုံမှန် ကိုဗစ်-၁၉ စစ်ဆေးချက်နှင့် ပီစီအာရ်နည်းဖြင့် ကိုဗစ်-၁၉ စစ်ဆေးချက်နှစ်ခုစလုံး စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ကင်းစင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု အိမ်ဖြူတော် ပြန်ကြားရေးဝန်ကြီး ဂျန်ဆာကီက ကြေညာချက်တွင် ထုတ်ပြန်ဖော်ပြလိုက်သည်။

 

ဘိုင်ဒင်သည် ၎င်း၏နေ့စဉ် အလုပ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆာကီက ပြောကြားခဲ့သည်။

 

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန၏ လမ်းညွှန်ချက်များအရ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့် ထိုးထားသူများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများနှင့် ထိတွေ့ခဲ့သော်လည်း ကွာရန်တင်းဝင်ရန် မလိုကြောင်း သိရသည်။

 

ဆင်ဟွာ