ဝါရှင်တန်    နိုဝင်ဘာ   ၁

AI ဉာဏ်ရည်တု နည်းပညာသည် ကမ္ဘာတစ်ဝန်း၌ လျင်မြန်စွာပျံ့နှံ့နေသောကြောင့်   ဉာဏ်ရည်တု နည်းပညာကို ဘေးကင်းလုံခြုံစွာ  အသုံးပြုနိုင်ရေးအတွက်   ကောင်းမွန်သောလုပ်ဆောင်ချက်များ  ချမှတ်ဆောင်ရွက်ရန် ရည်မှန်း ချက်ဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အမိန့်ညွှန်ကြားချက် တစ်ရပ်ကို ယမန်နေ့က လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါအမိန့်အရ  ဉာဏ်ရည်တုစနစ်များကို အသုံးမပြုမီ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက် သည့် စမ်းသပ်မှုများအတွက် တင်းကျပ်သောစံနှုန်းများကို အစိုးရအေဂျင်စီတစ်ခုက  ဖန်တီးပေးရမည် ဖြစ်သည်။  ယင်းသို့ဆောင်ရွက်ခြင်းဖြင့်  ကုမ္ပဏီများမှ  ထုတ်လုပ်သည့် ထုတ်ကုန်များ၏ ဘေးကင်း လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ပေးရာ ရောက် မည်ဖြစ်သည်။

ထို့ပြင်  ဉာဏ်ရည်တုနည်းပညာအသုံးပြုပြီး ထုတ်လုပ်သည့်ထုတ်ကုန်များတွင် တံဆိပ်ကပ်ခြင်းစသော စံနှုန်း သတ်မှတ်ချက်များလည်း  လိုအပ်မည်ဖြစ်ကြောင်း   အဆိုပါအမိန့်စာတွင် ဖော်ပြထားသည်။

ဉာဏ်ရည်တု နည်းပညာကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ကာကွယ်ရန်  စီမံခန့်ခွဲ မှုများ ပြုလုပ်နေစဉ်  နောက်ထပ်နည်းပညာ ဆိုင်ရာ ဆန်းသစ်တီထွင်မှုများလုပ်ဆောင် ရန်ကိုလည်း    အားပေးပါကြောင်း ယင်းအမိန့်စာတွင် ပါရှိသည်။

ကျန်းမာရေးစောင့်ရှောက်မှု  အပါအဝင် အဓိကနယ်ပယ်များတွင် ဉာဏ်ရည်တုဆိုင်ရာ သုတေသန အတွက် ထောက်ပံ့ကြေးများ မြှင့်တင်ရန် အစီအမံများလည်း ပါရှိသည်။

“ဉာဏ်ရည်တုနည်းပညာက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိပါတယ်။ တော်တော်များများက ကျွန်တော်တို့ရဲ့ ဘဝတွေကို ပိုကောင်းအောင် လုပ်နေပါတယ်”၊  ဒါပေမယ့်   ဉာဏ်ရည်တု နည်းပညာ ကြောင့်    ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို  ရှောင်ရှားဖို့၊ ဒီနည်းပညာကို ကောင်းမွန်စွာ ကိုင်တွယ် နိုင်ဖို့ လိုပါတယ်” ဟု  သမ္မတဂျိုးဘိုင်ဒင်က ဆိုသည်။

လက်မှတ်ရေးထိုးခဲ့သည့် ဉာဏ်ရည်တုဆိုင်ရာ  အမိန့်ညွှန်ကြားချက်သည် ကမ္ဘာပေါ်ရှိ    မည်သည့် အစိုးရမဆို ဉာဏ်ရည်တု     နည်းပညာဆိုင်ရာ ဘေးကင်းလုံခြုံရေးနှင့်    ယုံကြည်စိတ်ချရမှုအတွက်  ဆောင်ရွက်ရမည့်  နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း  ၎င်းက ဆက်လက်ပြောကြားသည်။

ကိုယ်ရေးကိုယ်တာ အကာအကွယ်ပေးရေး  ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန်   သမ္မတ ဂျိုးဘိုင်ဒင်က  လွှတ်တော်ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်