ဝါရှင်တန် နိုဝင်ဘာ ၃
အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် ဒီမို ကရက်တစ် သမ္မတလောင်း အမေရိကန်ဒုတိယသမ္မတ ကင်မလာဟဲရစ်တို့ သက်ဆိုင်ရာပြည်နယ်များ၌ မဲဆွယ်စည်းရုံးရေးများ အကြိတ်အနယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အမေရိကန် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ၎င်း၏ဒီမိုကရက်တစ်ပြိုင်ဘက် ကင်မလာဟဲရစ် ထောက်ခံမဲအသာစီးရရှိထားသည့် တောင်ပိုင်း ဗာဂျီးနီးယားပြည်နယ်တွင် ယမန်နေ့က မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့သည်။
ထရမ့်က ဗာဂျီးနီးယားပြည်နယ် ဆာလမ်မြို့၌ မဲဆွယ်စည်းရုံးခဲ့ရာ ၎င်းအား ထောက်ခံသူ ၇၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လာမည့်နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲသည် အမေရိကန်သမိုင်းတွင် အရေးအကြီးဆုံးရွေးကောက်ပွဲတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားသည်။
ဗာဂျီးနီးယားပြည်နယ်ကို ၂၀၀၈ ခုနှစ်ကတည်းက ဒီမိုကရက်တစ်သမ္မတလောင်းများ အနိုင်ရရှိခဲ့ သည့် “အပြာရောင်ပြည်နယ်”အဖြစ် ရှုမြင်ထားသည်။ ဗာဂျီးနီးယားပြည်နယ်၌ မကြာသေးမီက ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုအရ ဟဲရစ်သည် ထောက်ခံမဲ ၄၉ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဦးဆောင် နေပြီး ထရမ့်က ၄၄ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲဖြစ်စဉ်များတွင် ထရမ့်သည် ၎င်း၏ပြိုင်ဘက် ဟီလာရီ ကလင်တန် ထောက်ခံမဲအသာစီးရရှိသည့် မစ်ချီဂန်ပြည်နယ်အပါအဝင် အခြားပြည်နယ်များ၌ မဲဆွယ်စည်းရုံးမှုများကို အလေးပေးလုပ်ဆောင်ခဲ့သည်။
ယင်းသို့ လုပ်ဆောင်ခြင်းသည် ထရမ့်အား ထောက်ခံမှုကို ပိုမိုကျယ်ပြန့်စေပြီး ရွေးကောက်ပွဲတွင် အနိုင်ရရန် အထောက်အကူပေးသည်ဟု ယူဆရသည်။ ထရမ့်သည် လွန်ခဲ့သောရှစ်နှစ်က ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်အတိုင်း ပြန်လည်လုပ်ဆောင်ရန် ရည်မှန်းထားပုံပေါ်သည်။
တစ်ဖက်ကလည်း ဒုတိယသမ္မတ ဟဲရစ်သည် ဂျော်ဂျီယာနှင့် မြောက်ကာရိုလိုင်းနားပြည်နယ်တို့၌ နိုဝင်ဘာ ၂ ရက်တွင် မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်ခဲ့သည်။
နိုင်ငံ့အရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ပါတီနှင့် ကိုယ်ကျိုးကို အမြဲစွန့်လွှတ်ပြီး နိုင်ငံ နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေ့တန်းတင်ကာ ဆုံးဖြတ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြောက်ကာရိုလိုင်းနားပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည့် ချားလော့၌ မဲဆွယ်စည်းရုံးစဉ် ဟဲရစ်က ပြောကြားခဲ့သည်။ အဆိုပါ မဲဆွယ်စည်းရုံးရေးအခမ်းအနားသို့ ထောက်ခံသူ ၁၀၀၀၀ ကျော် တက်ရောက်ခဲ့သည်။
မတူကွဲပြားမှုများကို လက်ကိုင်ထားပြီး အနာဂတ်ဆီသို့ အတူတကွလျှောက်လှမ်းကြရန် ရော့ခ် အကျော်အမော် ဘွန်ဂျိုဗီက ပြောကြားပြီး ဟဲရစ်ကို ထောက်ခံမဲများပေးရန် မဲဆန္ဒရှင်ပြည်သူ များအား တိုက်တွန်းပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်