ဝါရှင်တန် ၁၁ ဇန်နဝါရီ
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်အနိုင်ရရှိမှုကို အမေရိကန်အထက်လွှတ်တော်က အတည်ပြု လိုက်ပြီးနောက် လာမည့် ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်မည့် ဂျိုးဘိုင်ဒင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် စီစဉ်နေကြောင်း အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောကြားခဲ့သည်။
သမိုင်းတစ်လျှောက်တွင် သမ္မတရာထူးမှ နှုတ်ဆက်ထွက်ခွာကြမည့် သူများသည် ၎င်းတို့နေရာတွင် တာဝန်ထမ်းဆောင်မည့်သူများကို ချီးကျူးဂုဏ်ပြုရန်အတွက် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်လေ့ရှိကြသည်။ သို့ရာတွင် သမ္မတ ထရမ့်ကမူ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်မည်မဟုတ်ကြောင်း ဇန်နဝါရီ၉ရက်တွင် ပြောကြားခဲ့သည်။
ဂျိုးဘိုင်ဒင်၏ ရွေးကောက်ပွဲ အနိုင်ရရှိမှုကို အတည်မပြုရန် သမ္မတထရမ့်၏ တောင်းဆိုချက်ကို ဒုတိယ သမ္မတ မိုက်ပန့်စ်က ငြင်းဆန်ခဲ့ပြီး ၎င်းထံ၌ ထိုသို့လုပ်ဆောင်နိုင်သည့် အခွင့်အာဏာမရှိကြောင်းပြောကြားခဲ့သည်။
ဂျိုးဘိုင်ဒင်က ၎င်း၏ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ မိုက်ပန့်စ်တက်ရောက်လာမှုကို ကြိုဆိုမည်ဖြစ်ပြီး သမ္မတထရမ့်ကို အမေရိကန်နိုင်ငံကို အရှက်ရစေသူတစ်ဦးအဖြစ် ပြောဆိုခဲ့သည်။
သမ္မတထရမ့်သည် ၎င်းကို ထောက်ခံသည့် ဆန္ဒပြသူများက လွှတ်တော်အဆောက်အအုံအတွင်းသို့ အကြမ်းဖက် ဝင်ရောက်စီးနင်းခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ၎င်း၏ ကိုင်တွယ်ဆောင်ရွက်မှုအပေါ်၎င်း၏ အစိုးရအဖွဲ့ဝင်များနှင့် ရီပတ်ဘလစ် ကန်ပါတီအဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခြင်းကိုခံခဲ့ရသည်။
အင်န်အိတ်ချ်ကေ