နယူးယောက်၊ ၄ ဒီဇင်ဘာ
အမေရိကန်သမ္မတဟောင်း သုံးဦးဖြစ်တဲ့ ဘာရတ် အိုဘားမား၊ ဂျော့ ဒဗလျူ ဘုရှ် နဲ့ ဘီလ်ကလင်တန် တို့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးအား ပြည်သူတွေယုံကြည်အောင် သူတို့လည်း ကာကွယ်ဆေး အထိုးခံမယ်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
သမ္မတဟောင်း သုံးဦး နည်းတူ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် ကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အထိုးခံမယ်လို့ ပြောဆိုလိုက်ပါတယ်။
သမ္မတဟောင်း အိုဘားမား က အမေရိကန်နိုင်ငံရဲ့ ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် ဒေါက်တာ အန်သိုနီ ဖော့ချီ ကသာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကာကွယ်ဆေးကို အသုံးပြုခွင့် လက်မှတ်ထိုးခဲ့မယ်ဆိုရင် ကာကွယ်ဆေးအထိုးခံမှာဖြစ်ကြောင်း SiriusXM ရေဒီယိုကို ပြောကြားပါတယ်။
အိုဗားမား ဆက်ပြောတာက ဒေါက်တာ ဖော့ချီ က ဒီကာကွယ်ဆေးဟာ အသုံးပြုရန် အန္တရာယ်ကင်းတယ်လို့ ပြောခဲ့ရင် သူဆေးထိုးခံမှာဖြစ်ကြောင်း၊ သူက သိပ္ပံပညာကို ယုံကြည်ကြောင်း ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရဖို့ကိုတော့ မယုံကြည်ကြောင်း၊ သူဆေးထိုးနေတဲ့ပုံကို ရုပ်မြင်သံကြားကနေ ပြနိုင်ကြောင်း သို့မဟုတ် ဆေးထိုးနေပုံကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုရိုက်ထားနိုင်ကြောင်း ပြောပါတယ်။
သမ္မတဟောင်း ဂျော့ ဒဗလျူဘုရှ် ရုံးမှ အကြီးအကဲ ဖရက်ဒီ ဖို့ဒ်က CNN သတင်းဌာနအား သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်ကလည်း ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို လူထုယုံကြည်ရေးအတွက် သူလည်း အထိုးခံမယ်ဖြစ်ကြောင်း၊ မှတ်တမ်းရန်လည်း သဘောတူကြောင်း ပြောပါတယ်။
အလားတူ သမ္မတဟောင်း ဘီလ်ကလင်တန်ကလည်း ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး ထိုးနှံနေပုံကို ရုပ်မြင်သံကြားနေ လူထုမြင်အောင် လုပ်ဖို့ ဝန်မလေးကြောင်း ကလင်တန်ရုံးရဲ့ ပြန်ကြားရေး အရာရှိ အိန်ဂျယ် ယူရီနာ က CNN သတင်းဌာနကို ပြောပါတယ်။
သမ္မတဟောင်း သုံးဦးနည်းတူ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က အစိုးရအဖွဲ့က ကာကွယ်ဆေးဟာ သုံးစွဲရန် အန္တရာယ်ကင်းကြောင်း ကြေညာခဲ့ရင် အထူးသဖြင့် ဒေါက်တာ ဖော့ချီက အန္တရာယ်ကင်းတယ်သာ ပြောရင် ကာကွယ်ဆေးထိုးခံမယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံမှာ Pfizer-BioNTech နဲ့ Moderna-NIH တို့မှ ထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မကြာခင်မှာ အသုံးပြုနိုင်ကြောင်း ထုတ်ပြန်ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။
လူဦးရေ သန်း ၁၀၀ နေထိုင်တဲ့ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို နိုင်ငံသားအားလုံးကို ဖေဖော်ဝါရီလကုန်ပိုင်းမှာ ထိုးနှံပြီးစီးဖို့ မျှော်လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။
MDN
ကိုးကား - AFP