၈ နိုဝင်ဘာ

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလီကန် ဒေါ်နယ်ထရမ့်ကို ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင် က အနိုင်ရရှိကြောင်း ကြေညာခဲ့သည်။

 

ဘိုင်ဒင်သည် ဒီလာဝဲပြည်နယ်၌ မိန့်ခွန်းပြောကြားရာတွင် စည်းလုံးညီညွတ်ရေးအတွက် မေတ္တာရပ်ခံ ပြောကြားသည်။

 

မိမိတို့ပြည်သူများအတွက် အောင်ပွဲတစ်ခု ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံ သမိုင်းတွင် သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒမဲ ၇၄ သန်းဖြင့် မဲအများဆုံးရရှိကာ အနိုင်ရရှိခဲ့ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

 

ဘိုင်ဒင်က အနီရောင်ပြည်နယ်များ၊ အပြာရောင်ပြည်နယ်များဟု ခွဲခြားကာမရှုမြင်ပဲ အမေရိကန်ပြည်ထောင်စုကိုသာ ရှုမြင်ပြီး စည်းလုံးညီညွတ်ရေးလုပ်ဆောင်မည်ဟု ကတိပြုသည်။

 

မဲရေတွက်နေဆဲဖြစ်သော်လည်း  အေဘီစီ သတင်းဌာနက ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ကို ဘိုင်ဒင် အနိုင်ရလိမ့်မည်ဟု ဖော်ပြသည်။ အစောပိုင်း မဲအနိုင်ရရှိမှုနှင့် ပေါင်းစပ်ပါက  ရွေးကောက်ပွဲ ကိုယ်စားလှယ် မဲ ၂၇၀ ကျော်ရရှိမည် ဖြစ်သည်။

 

ရွေးကောက်ပွဲကိုယ်စားလှယ် ခြောက်မဲ ဖြင့် နီဗားဒါးပြည်နယ်တွင် ဘိုင်ဒင်အနိုင်ရရှိမည် ဟုလည်း အေဘီစီသတင်းဌာနက ဖော်ပြထားသည်။ အရီဇိုးနားနှင့် ဂျော်ဂျီယာပြည်နယ်တို့တွင်လည်း ဘိုင်ဒင်က ဦးဆောင်နေသည်။

 

မီဒီယာသမားများက ဘိုင်ဒင် အနိုင်ရကြောင်း ဖော်ပြခဲ့ပြီးနောက် ထရမ့်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ဤရွေးကောက်ပွဲက မပြီးဆုံးသေးကြောင်း ၎င်းက ပြောကြားသည်။

 

ထရမ့်သည် အဆိုပါရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး စာတိုက်မှ ပေးပို့သောမဲများနှင့် မဲရေတွက်ခြင်းတို့တွင် မသမာမှုများရှိသည်ဟု ဆိုကာ အခြေအမြစ်မရှိသော တောင်းဆိုမှုမျး  ထပ်တလဲလဲပြုလုပ်ခဲ့သည်။

 

ထရမ့်က လေ့လာသူများကို မဲရေတွက်ရာ အခန်းများအတွင်း ဝင်ခွင့်မပြုခဲ့ကြောင်းနှင့် ထိုရွေးကောက်ပွဲတွင် တရားဝင်ဆန္ဒမဲ ၇၁၀၀၀၀၀၀ ရရှိကာ ၎င်းအနိုင်ရကြောင်း တွစ်တာတွင် ရေးသားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို