ဝါရှင်တန် မေ ၁၃

အမေရိကန်သမ္မတထရမ့်သည် ၎င်း၏အရှေ့အလယ်ပိုင်း ခရီးစဉ်စတင်သည့်အနေဖြင့် ဆော်ဒီအာရေးဗျနိုင်ငံသို့ မေ ၁၃ ရက်တွင် ရောက်ရှိခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။ 

၎င်း၏ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း ကာတာနှင့် ယူအေအီးနိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်သည်။

ထရမ့်သည် သမ္မတအဖြစ်တာဝန်ထမ်းဆောင်သည့် ပထမသက်တမ်းအတွင်းကလည်း ဆော်ဒီအာရေးဗျနိုင်ငံသို့ သွားရောက်ခဲ့သည်။ ၎င်း၏ခရီးစဉ်အတွင်း ဆော်ဒီအိမ်ရှေ့ မင်းသားမိုဟာမက် ဘင်ဆယ်လမန်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဆော်ဒီနှင့်အမေရိကန် ရင်းနှင်းမြှုပ်နှံသူများနှင့်လည်း တွေ့ဆုံမိန့်ခွန်း ပြောကြားမည်ဟု သိရသည်။ ဆော်ဒီနှင့် အမေရိကန် နှစ်နိုင်ငံအကြား ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ ကိစ္စရပ်များအပါအဝင် ဂါဇာဒေသရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စရပ်များ၊ အီရန်နျူကလီးယားအရေးနှင့် အခြားဒေသတွင်း ကိစ္စရပ်များကို ယခုခရီးစဉ်အတွင်း ခေါင်းဆောင်များအကြား ဆွေးနွေးမည်ဖြစ်သည်။

ယခုနှစ်ဇန်နဝါရီလအတွင်းက ဖုန်းဖြင့်ဆွေးနွေးရာတွင် လာမည့်လေးနှစ်အတွင်း ဆော်ဒီအာရေးဗျက အမေရိကန်တွင် ကန်ဒေါ်လာ ဘီလီယံ ၆၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လမန်က ထရမ့်အား ပြောကြားခဲ့သည်။
 
အမေရိကန်နိုင်ငံအား အစ္စရေး၏ ဂါဇာဒေသခံများကို တိုက်ခိုက်ရာတွင် အကူအညီပေးမှုနှင့် ဂါဇာဒေသခံများအား နေရပ်စွန့်ခွာရေး စီမံဆောင်ရွက်မှုဖြင့် ကမ္ဘာတစ်ဝန်းဝေဖန်မှုများ မြင့်တက်နေသည်။ 

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-စိုးသူရ