နေပြည်တော် ၁၃ သြဂုတ် 

မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံသို့ ခရီးသွားလာရာတွင် ပိုမိုလွယ်ကူစေရန်အတွက် လုပ်ငန်းကိစ္စအတွက်ဖြစ်စေ၊ အလည်အပတ်ခရီးအတွက်ဖြစ်စေ ခွင့်ပြုသည့် B1 နှင့် B2 ဗီဇာကို B1/B2 ဗီဇာအနေဖြင့်ပေါင်း၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အမေရိကန်သံရုံးမှ သြဂုတ် ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။

ထိုသို့လျှောက်ထားနိုင်မှုနှင့် ပတ်သက်ပြီး အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က “အခုဆိုရင် နှစ်နိုင်ငံအကြား ခရီးသွားလာမှု ပိုမိုများပြားလာဖို့နဲ့ မြန်မာနိုင်ငံကနေ အမေရိကန် ပြည်ထောင်စုကို ခရီးသွားလာမှုပိုမိုလွယ်ကူဖို့ အမေရိကန်သံရုံးက ဆောင်ရွက်နေပါပြီ” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အမေရိကန်သံရုံးအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများအတွက် ပြည်ဝင်ခွင့်ဗီဇာ ၁၄၀ဝ၀ နီးပါးထုတ်ပေးခဲ့ကြောင်း သိရှိရပြီး မြန်မာနိုင်ငံသို့ လာရောက်သည့် အမေရိကန် နိုင်ငံသား အရေအတွက်မှာလည်း ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း ၃၅၀ဝ၀ ရှိခဲ့ကြောင်း သံရုံး ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ထုတ်ပြန်ချက်အရ နှစ်နိုင်ငံအကြား ခရီးသွားလာမှုသည် တိုးတက်လာခဲ့ကြောင်းသိရပြီး ယခုလျှောက်ထားခွင့်ပြုသည့် ဗီဇာအစီအစဉ်အသစ်အရ ပြည်ဝင်ခွင့်ဗီဇာတစ်ကြိမ်လျှင် သုံးလသက်တမ်းရှိမည်ဖြစ်ကာ အာမခံကြေးပေးဆောင်ရန် မလိုအပ်တော့ကြောင်း သိရသည်။ 

သတင်းစဉ်