လော့စ်အိန်ဂျယ်လိစ် ၁၄ ဇွန်
အမေရိကန်ပြည်ထောင်စု တစ်ဝန်းလုံးတွင် ဇွန်လ ၉ ရက်က ကုန်ဆုံးသည့်သီတင်းပတ် တစ်ပတ်အတွင်း ကလေးသူငယ် ၈၈၀၀၀ ခန့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ကြောင်း အမေရိကန်ကလေးအထူးကု ဆေးပညာ ကျောင်းနှင့် ကလေးများဆေးရုံအဖွဲ့မှ ထုတ်ပြန်သည့်နောက်ဆုံးအချက်အလက်များအရ သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ ကလေးငယ်ပေါင်း ၁၃ ဒသမ ၅ သန်းကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ပြီး ယင်းတို့အနက် ကလေးငယ် ၃၉၅၀၀၀ သည် လွန်ခဲ့သည့် တစ်လအတွင်း ရောဂါ ကူးစက်ခံခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကလေးငယ် ၅ ဒသမ ၆ သန်းခန့်သည် ယခုနှစ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ်ဇွန်လလယ်က အမေရိကန်ကလေးများအကြား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းကို ယမန်နှစ်အလားတူ ကာလက အမေရိကန်ကလေးများအကြား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက ရောဂါ ကူးစက်မှုနှုန်းများစွာ မြင့်တက်လာကြောင်း ကြေညာချက်အရ သိရသည်။
ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့်အဖျားကြီးခြင်းနှင့် ကလေးများအကြား ဖြစ်လာနိုင် ဖွယ်ရှိသည့်ကိုဗစ်-၁၉ ရောဂါ၏ ရေရှည်သက်ရောက်မှုကို ချင့်ချိန်အကဲဖြတ်နိုင်ရန် ကလေးအသက်အရွယ် အလိုက် ပိုမိုတိကျသောအချက်အလက်များကို စုဆောင်းထားရန် အရေးတကြီးလိုအပ်ကြောင်း ကလေးအထူးကု ဆေးပညာကျောင်းနှင့် ကလေးများဆေးရုံအဖွဲ့က ပြောကြားသည်။
ကလေးငယ်များ၏ ကျန်းမာရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ချက်ချင်းသက်ရောက်မှုရှိနေသည်ကို မိမိတို့ အနေဖြင့် အသိအမှတ်ပြုထားရန် အရေးကြီးကြောင်း၊ သို့သော် ဤမျိုးဆက်သစ်ကလေးငယ်များနှင့် လူငယ် များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝဆိုင်ရာကိုဗစ်-၁၉ ကပ်ရောဂါ၏ရေရှည် သက်ရောက်မှုကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း ကလေးအထူးကု ဆေးပညာကျောင်း နှင့် ကလေးများဆေးရုံအဖွဲ့က ထပ်လောင်းပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ