ဝါရှင်တန် ၁၀ မေ

အီရန်သည် အမေရိကန်ကို ပစ်မှတ်ထားတိုက်ခိုက်ရန် စီစဉ်နေသည်ဟု စိုးရိမ်မှုများရှိလာပြီးနောက် အမေရိကန် ယူအက်စ်အက်စ် အေဗရာဟမ်လင်ကွန်း လေယာဉ်တင်တိုက်ခိုက်ရေး သင်္ဘောအုပ်စုနှင့် ဘီ-၅၂ ဗုံးကြဲလေယာဉ်လေးစင်းသည် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယမန်နေ့က တိုက်ခိုက်ရေးသင်္ဘောအုပ်စုသည် ဆူးအက်တူးမြောင်းကို ဖြတ်ကျော်ခဲ့ပြီး ဘီ-၅၂ ဗုံးကြဲလေယာဉ်နှစ်စင်းလည်း ရောက်ရှိလာပြီဖြစ်ကြောင်း၊ နောက်ထပ် လေယာဉ်နှစ်စင်းသည် လွန်ခဲ့သည့်နှစ်ရက်ကတည်းက ရောက်ရှိခဲ့ကြောင်း အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဝီလီယံအာဘန်က ပြောသည်။

အီရန်နိုင်ငံဘက်က အန္တရာယ်ပြုနိုင်ခြေ တိုးလာသလို သတိပေးမှုများ လာသောကြောင့် အရှေ့အလယ်ပိုင်းတွင် စစ်ရေးဆိုင်ရာအထောက်အကူများ ရရှိရေးအတွက် ပန်ကြားခဲ့ရခြင်း ဖြစ်ကြောင်း အလယ်ပိုင်းစစ်ဌာနချုပ်တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ကန်နက်ဖရန့်မက်ကန်ဇီးက လွန်ခဲ့သောရက်အစောပိုင်းက ပြောခဲ့သည်။

အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက အီရန်ကို အရေးယူမှုများ မလုပ်အောင် ရက်ပေါင်း ၆၀ အတွင်း အကာအကွယ်မပေးဘူး ဆိုပါက အီရန်သည် သဘောတူစာချုပ်ပါ ကန့်သတ်ချက်များကို ကျော်လွန်ပြီး ယူရေနီယံသန့်စင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက်ပိုင်းတွင် အမေရိကန်က အီရန်နိုင်ငံအပေါ် အရေးယူမှုအသစ်များ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အေအက်ဖ်ပီ