၅ သြဂုတ်
အမေရိကန်နိုင်ငံတွင် ပြီးခဲ့သည့် စနေ ၊ တနင်္ဂနွေ နေ့များကအစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုများကြောင့် လူများထိတ်လန့်တုန်လှုပ်နေကြပြီး လက်နက်ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ထပ်လောင်း ဝေဖန်ဆွေးနွေးခဲ့ကြသည်။
တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့နယ်စပ်တွင် စနေနေ့မနက် ၁၀ နာရီ ဝန်းကျင်ခန့်က ပထမပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ဝါးလ်မတ် စတိုးဆိုင်၌ ၂၁ နှစ်အရွယ် လူဖြူအမျိုးသားတစ်ဦးက ဈေးဝယ်သူများကို ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ယင်းပစ်ခတ်မှုတွင် လူ ၂၀ ဦးသေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အာဏာပိုင်များက သံသယရရှိသူသည် လူမျိုးရေး ၊ ဘာသာရေးနှင့် မလိုမုန်းထားမှုများကြောင့် ဖြစ်ကြောင်းနှင့် ၎င်းတို့က တက္ကဆက်ပြည်နယ်ရှိ ထိုသံသယရှိသူ၏ နေအိမ်ကို ရှာဖွေခဲ့ကြကြောင်း ဖော်ပြထားသည်။
ပထမပစ်ခတ်မှုအပြီး ၁၃ နာရီအကြာ အိုဟိုင်းအိုပြည်နယ် ဒေးတန်မြို့တွင် ထပ်မံ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ အသက် ၂၄ နှစ်အရွယ် လူဖြူတစ်ဦး စားသောက်ဆိုင် တစ်ခု၌ပစ်ခတ်မှုကြောင့် ကိုးဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။ထိုပစ်ခတ်မှုကျူးလွန်သူဟု သံသယရှိသူကို ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်စဉ် အသေဖမ်းမိခဲ့သည်။
ယမန်နေ့ မွန်းလွဲပိုင်းက သမ္မတ ဒေါ်နယ်ထရန့်သည် အဆိုပါပစ်ခတ်မှုမှာ စိတ်ကျန်းမာရေးပြဿနာကြောင့်သာ ဖြစ်ပွားခြင်းဖြစ်ပြီး အမေရိကန်တွင် အမုန်းတရားကြောင့် ပစ်ခတ်မှုမရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
လက်နက်ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး အိမ်ဖြူတော်က အများဆုံးလုပ်ဆောင်ခဲ့သော်လည်း ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ပိုမိုတင်းကျပ်သော လက်နက်ဥပဒေများကို နှစ်သက်မှုမရှိကြောင်း ထရန့်က ပြောကြားခဲ့သည်။ သမ္မတက ယနေ့တရားဝင် သတင်းထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သတင်းများအရ သိရသည်။
ယင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူများကို လေးစားသည့်အနေဖြင့် အိမ်ဖြူတော်တွင် အမေရိကန်အလံကို တိုင်တစ်ဝက် လျှော့ချလွှင့်ထူထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို