ဝါရှင်တန် ဇွန် ၂၃
အီရန် နျူကလီးယားစက်ရုံများအား အမေရိကန်က တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒဖော်ထုတ်ပွဲများကို နယူး ယောက်၊ ဝါရှင်တန်ဒီစီနှင့် နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နယူးယောက်မြို့ရှိ တိုင်းစ်စကွဲတွင် အီရန်အပေါ် စစ်ဆင်နွှဲခြင်းမှ ရပ်တန့်ရန်နှင့် အီရန်၏ ပြည်တွင်း ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ဆန္ဒဖော်ထုတ်သူများက တောင်းဆိုခဲ့သည်။
အိမ်ဖြူတော်၏ ပြင်ပနှင့် နိုင်ငံအတွင်းရှိ မြို့ ၁၅ မြို့တွင် အလားတူဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွား ခဲ့သည်။ အမေရိကန်သမ္မတထရမ့်၏ ကျိုးကြောင်း ဆီလျော်မှုကင်းစွာ အီရန်နျူကလီးယား စက်ရုံ များအား ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ပြီး ကုလသမဂ္ဂပဋိညာဉ်ပါပြဋ္ဌာန်းချက်များနှင့် နိုင်ငံ တကာဥပဒေအပါအဝင် အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကာ ၎င်းတိုက်ခိုက်မှုမှတစ်ဆင့် ဒေသတွင်းနှင့် ကမ္ဘာစစ်ကို ဖြစ်ပွားစေနိုင်သည်ဟု ဆန္ဒဖော်ထုတ်သူ များက ဆိုရှယ်မီဒီယာ ပို့စ်တစ်ခုတွင် ပြောကြားသည်။ အမေရိကန်နှင့် အစ္စရေးတို့အနေဖြင့် အီရန်နိုင်ငံအား တိုက်ခိုက်နေမှုကို ချက်ချင်းရပ်တန့်ရန် မိမိတို့တောင်းဆိုကြောင်း ဆန္ဒဖော်ထုတ်သူ များက ပြောကြားသည်။
အီရန်အား စစ်ရေးအရ တိုက်ခိုက်ခြင်းကို ထရမ့်က ကွန်ဂရက်၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၎င်းတိုက်ခိုက်မှုကြောင့် အီရန်၏ လက်တုံ့ပြန်မှုများကို ခံရနိုင်ကြောင်း ဆန္ဒဖော်ထုတ်သူများကပြောကြားသည်။
အမေရိကန်နိုင်ငံသားများသည် နိုင်ငံအတွင်း ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ရန်ပုံငွေများ ထောက်ပံ့ခြင်းကို လိုလားသော်လည်း ထရမ့် နှင့် အပေါင်းပါများသည် ကမ္ဘာတွင် စစ်ပွဲဖြစ်ပွားခြင်းကိုသာ လိုလားနေကြကြောင်း ဆန္ဒ ဖော်ထုတ်သူများက ပြောကြားသည်။ ယခုပဋိပက္ခကို သံတမန် နည်းလမ်းဖြင့်အဖြေရှာခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ဆန္ဒဖော်ထုတ်သူတစ်ဦးက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ