၁၃ ဇွန်
အမေရိကန်တပ်ဖွဲ့ဝင် ၁၀ဝ၀ ကျော်ကို ပိုလန်နိုင်ငံသို့ ထပ်မံတိုးမြှင့်တပ်ချထားသဖြင့် ရုရှားနိုင်ငံအနေဖြင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်ဟု အမေရိကန် အိမ်ဖြူတော်က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံနှင့် ပိုလန်နိုင်ငံတို့က ပိုလန်နိုင်ငံသို့ တပ်ဖွဲ့ဝင် ၁၀ဝ၀ကျော် ထပ်မံတိုးမြှင့်ချထားရေး မူဘောင်တစ်ခုကို သဘောတူညီခဲ့ကြကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အမေရိကန်သို့ရောက်ရှိနေသော ပိုလန်သမ္မတ Andrzej Duda နှင့် ဗုဒ္ဓဟူးနေ့က ပူးတွဲပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၀ဝ၀ အတွက် လိုအပ်သော အခြေခံအဆောက်အအုံကို ပိုလန်အစိုးရက တည်ဆောက်ပေးရမည်ဖြစ်ပြီး အမေရိကန်နိုင်ငံက ကုန်ကျစရိတ်ကျခံမည် မဟုတ်ဟု ဆိုသည်။
ပိုလန်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခြင်းသည် ရုရှားနိုင်ငံ၏ အန္တရာယ်ကို ကာကွယ်ရန်နှင့် အနောက်နိုင်ငံများနှင့် ပိုလန်နိုင်ငံ၏ ဆက်ဆံရေးခိုင်မာစေရန် လိုအပ်ခြင်းကြောင့် ဖြစ်ကြောင်း Andrzej Duda က ပြောကြားခဲ့သည်။
၁၉၉၉ ခုနှစ်တွင် နေတိုးမဟာမိတ်တပ်ဖွဲ့နှင့် ပူးပေါင်းခဲ့သော ပိုလန်နိုင်ငံသည် လက်ရှိတွင် အမေရိကန်တပ်ဖွဲ့ဝင် ၄၅၀ဝ ခန့် လက်ခံထားခဲ့သည်။ ပိုလန်နိုင်ငံတွင် အမေရိကန်စစ်တပ်အခြေချ တပ်စွဲနိုင်ရေးအတွက် အမေရိကန် ဒေါ်လာနှစ်သန်းကုန်ကျစရိတ်ကိုလည်း ပိုလန်နိုင်ငံက ပေးချေခဲ့ရသည်။
သမ္မတထရန့်က လာမည့်စက်တင်ဘာလတွင် ပိုလန်နိုင်ငံသို့ သွားရောက်မည်ဟု လေးလေးနက်နက် စဉ်းစားထားကြောင်း အသိပေးပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို