mdn

သတင်းဆောင်းပါး - ခက်ဆစ်လင်း(ပြည်)

 

ကျွန်တော်တို့ ရှင်သန်ရပ်တည်ရာပတ်ဝန်းကျင်တိုင်းတွင် သိမြင်ထင်မှတ်မှားမှုပေါင်းများစွာတို့ အရိုးစွဲစွာ တည်ရှိ၍နေ ပါသည်။ ရှေးလူကြီးသူမများ၏အဆုံးအမများကိုပင် အထင်မှား အမြင်မှား အမှတ်မှား နေကြသည်ကတော့ ပို၍ဆိုးရွား လွန်းပါ၏။ အဘယ်ကြောင့်ဆိုသော် မူရင်းဆိုလိုရင်းနှင့် လားလားမျှ မသက်ဆိုင်သော ဆန့်ကျင်ဘက်အဓိပ္ပာယ်များ ထွက်ပေါ်နေခြင်းကြောင့်သာဖြစ်ပေသည်။ ဤနေရာတွင် အမျိုးသမီးများနှင့်သက်ဆိုင်၍လွဲမှားနေသောထင်မှတ်မှား မှုများကို ရှင်းလင်းတင်ပြလိုပါပေသည်။ ပတ်ဝန်းကျင် တိုင်းတွင် ကြားဖူးနေကျ စကားလေးတစ်ခွန်းရှိပေသည်။ “မိန်းမဆိုတာ မြစ်လိုပဲကောက်ကွေ့တတ်တယ်” ဟူသော စကားဖြစ်၏။

 

ထိုစကား၏ဆိုလိုရင်းကို လူအများစုနားလည်ထား သည်က “မိန်းမဆိုတာ မြစ်လိုပဲ၊ မာယာများတယ်။ ကောက်ကွေ့တတ်တယ်၊ စိတ်ထားမတည်ငြိမ်တတ်ကြဘူး” ဟူ၍ဖြစ်ပေသည်။ ကျွန်တော်ကိုယ်တိုင်လည်း ထိုအတိုင်းပင် ထင်မှတ်မှားခဲ့ဖူးကြောင်း ရိုးသားစွာဝန်ခံလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအယူအဆကို စာအုပ်များ၊ သီချင်းများ၊ ရုပ်ရှင်များထဲအထိပင် တွေ့ရမြင်ရကြားရ ဖန်များလာရသည့်အတွက် အမှန်တစ်ခုဟုထင်မှတ်မိခဲ့ခြင်း သာဖြစ်ပါ၏။ မိန်းမများနှင့်သက်ဆိုင်သည့် ဒဿနတစ်ခု ကဲ့သို့ပင် ယနေ့အချိန်ထိ ပတ်ဝန်းကျင်တိုင်းတွင် အရိုးစွဲစွာ တည်ရှိ၍နေပါသေးသည်။

 

အမှန်စင်စစ် ထိုစကား၏ ဆိုလိုရင်းအဓိပ္ပာယ်စစ်စစ် မှာ ဤသို့လုံးဝမဟုတ်ရပါပေ။ အမှားကြာလာသည့်အတွက် ကြောင့်သာ အမှန်သဖွယ်ဖြစ်တည်၍ နေခြင်းသာဖြစ်ပါ သည်။ အမှန်တော့ ထိုစကား၏ဆိုလိုရင်းအစစ်အမှန်မှာ မိန်းမသားများ၏ နွဲ့နှောင်းပျော့ပျောင်းပုံကို မြစ်ကဲ့သို့ နွဲ့နှောင်းရစ်ခွေ(ကောက်ကွေ့) ပုံနှင့်ခိုင်းနှိုင်းထားခြင်းသာ ဖြစ်ပါသည်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာလည်း ကွေ့ကွေ့ကောက်ကောက်သဏ္ဌာန်ရှိသည်ဟု ဆိုလိုခြင်းသာ ဖြစ်ပေ သည်။ ပတ်ဝန်းကျင်မှထင်မှတ်မှားနေသောစကား ဆိုလိုရင်း အဓိပ္ပာယ် စိတ်ထားနှလုံးသားကောက်ကျစ် တတ်သည်။  မတည်မငြိမ်ဖြစ်တတ်သည်ဟုဆိုသည်မှာ မူရင်းအဓိပ္ပာယ် နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပေ၏။ ထို့ကြောင့် အထူးအထွေမဟုတ်သော်လည်း အမှားကြာနေမှုတစ်ခုအား အမှန်ပြုပြင်၍ အမှန်မြင်နိုင်ကြစေလိုခြင်း ကြောင့်သာ သတိပေးတင်ပြရခြင်းဖြစ်ပါ၏။

 

နောက်ထပ်စကားတစ်ခွန်းလည်း ရှိပါသေး၏။ “မ ဖျက် လျှင် ပြည်ပျက်လိမ့်မည်” ဟူသောစကားဖြစ်သည်။ ထို စကား၏ ဆိုလိုရင်းအဓိပ္ပာယ်ကို လူအများစုက “မိန်းမ ဖျက်လျှင် တိုင်းပြည်ပင်ပျက်တတ်သည်” ဟူ၍သာ နားလည် ထင်မှတ်နေကြပေသည်။ ကြီးသူက ငယ်သူကိုဆိုဆုံးမသည့် စကားသဖွယ်ပင်ဖြစ်နေပေ၏။ အမှန်တော့ ထိုအရာ သည်လည်း လူများထင်မှတ်မှားနေမှုတစ်ခုသာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုစကား၏ မူရင်းဆိုလိုရင်း အဓိပ္ပာယ်မှာ အမျိုးသမီးများ မိန်းမများအား ရည်ညွှန်းပြောဆိုခဲ့ခြင်းလည်း မဟုတ်ရပါဘဲ၊ “မ” ဆိုသည့်အက္ခရာ ကိုသာ ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

 

 

ဥပဒေတစ်ခုအားရေးဆွဲကြမည်ဆိုလျှင် တားမြစ်ချက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ စသဖြင့်၊ မဖြစ်မနေ ကျင့်သုံးလိုက်နာရမည့် စည်းကမ်းချက် များရှိလေသည်။ ထိုနည်းတူစွာပင်ဘဝနေနည်းထိုင်နည်းနှင့် ပတ်သက်သော ဘာသာရေးအဆုံးအမများတွင်လည်း ဆောင်ရန်ရှောင်ရန်နည်းနာများကို တိတိကျကျဆုံးမ လမ်းညွှန်မှုပြုထားတတ်ပါပေသည်။ ထိုအခါ ဥပဒေအရ တားမြစ်သည့်အရာဖြစ်စေ၊ အန္တရာယ်ဖြစ်စေနိုင်သည့် အတွက်သတိပေးသည့်အရာဖြစ်စေ၊ ဘာသာရေးအဆုံးအမ အရ ရှောင်သင့်သည့်အပြုအမူဖြစ်စေ၊ လုပ်ဆောင်ရန် ၊ မသင့်သဖြင့် လုပ်ဆောင်ရန်ခွင့်မပြုသော အရာမှန်သမျှအား "မ" အက္ခရာဖြင့် တားမြစ်ရေးသားကြရပေသည်။ ဥပမာ ဆိုရလျှင် ရေမကူးရ၊ မူးယစ်ဆေး မသုံးစွဲရ၊ လာဘ်ပေးလာဘ်ယူ မပြုလုပ်ရ ဥပဒေကို မချိုးဖောက်ရ၊ အမှိုက်မပစ်ရ၊  သစ်ပင်မခုတ်ရ၊ မကောင်းမှုများ မကျူးလွန်ရ၊ သူတစ်ပါးပစ္စည်းဥစ္စာ မခိုးယူရ၊ အရက်သေစာမသောက်စားရ၊ သူတစ်ပါးအသက် မသတ်ရ၊ ကာမဂုဏ် မမိုက်မှားရ၊ လိမ်ညာ လှည့်စားသည့် စကားအား မဆိုရ အစရှိသဖြင့် ရှိပေသည်။ ထိုတားမြစ်ချက်များအား မလိုက်နာမဆောင်ရွက်လိုသည့် သူများသည် “မ” အက္ခရာကိုချိုးဖျက်၍ လုပ်လိုသည်များ၊ လုပ်ဆောင်နေကြခြင်းများကို စည်းကမ်းပျက်ခြင်း (လူ့ စည်းကမ်းပျက်ခြင်း)ဟု ဆိုရပေလိမ့်မည်ဖြစ်ပါသည်။

 

တစ်နည်းအားဖြင့် အထက်ပါကဲ့သို့သော သူများသည် တားမြစ်ချက်ဥပဒေများ၊ ဘာသာရေးအဆုံးအမ တားမြစ် ချက်များအား ချိုးဖျက်ကျူးလွန်တတ်ကြခြင်းသာဖြစ် သည်။ ထိုကဲ့သို့ စည်းကမ်းပျက်သူများ(လူ့စည်းကမ်းအား ချိုးဖျက် သူများ)များပြားလာလျှင် တိုင်းပြည်ပင်ပျက်စီးသွား နိုင်ခြင်းကြောင့် ၊ “မ” အက္ခရာကိုမဖျက်ကြရန် ရှေးမြန်မာ စာဆိုတော်ကြီးများက မိန့်ဆိုခဲ့ခြင်းသာဖြစ်ပါသည်။ ဤအရာကိုပင် လူအများစုက လွဲမှားစွာ ထင်မှတ်မှားနေ ကြခြင်းသာဖြစ်ပေသည်။ အမှန်တော့ လောကနယ်ပယ်တွင် အမျိုးသား (ယောက်ျား)ဖြစ်စေ၊ အမျိုးသမီး (မိန်းမ)ဖြစ်စေ စိတ်ဓာတ်မတည်မငြိမ်ဖြင့် ကောက်ကျစ်တတ်သူကတော့ ကောက်ကျစ်တတ်စမြဲသာ ဖြစ်ပါသည်။ မာယာများတတ်သူ များကလည်း မာယာများတတ်စမြဲသာဖြစ်၏။ စည်းကမ်း ချိုးဖျက်၍ မကောင်းမှုကျူးလွန်နေကြသူများမှာလည်းကျား/မ မရွေးသာဖြစ်ပါသည်။ အဓိကကတော့ လူတိုင်း စိတ်ဓာတ် တည်ငြိမ်ဖြောင့်မတ်စွာဖြင့် စည်းကမ်းရှိစွာ မကောင်းမှုမပြုလုပ်ကြရန်သာ အထူးလိုအပ်လှပါပေ၏။

 

အချုပ်အားဖြင့် အမျိုးသမီးများ၏အပေါ်တွင် ပတ်ဝန်းကျင်မှ အရိုးစွဲစွာ ထင်မှတ်မှားနေမှုများအား ရှင်းလင်း တင်ပြရင်း မြန်မာအမျိုးကောင်းသမီးလေးများကိုလည်း ရုပ်အလှကိုပြင်ဆင်ခြယ်မှုန်းကြသလို စိတ်အလှကိုလည်း ပြင်ဆင်ခြယ်မှုန်းနိုင်ကြစေလိုပါသည်။ မိန်းမလှ တစ်ယောက်ဖြစ်ချင်ကြသလို မိန်းမကောင်းတစ်ယောက် ဖြစ်ရန်အတွက်လည်း ကြိုးစားစောင့်ထိန်းကြစေလိုပါ သည်။ ငွေကြေးဥစ္စာများ၏ ဖြားယောင်းမှုတွင် နစ်မွန်း၍ မနေကြဘဲ ကိုယ်ကျင့်တရားကောင်းမွန်ရန်အတွက်သာ ရိုးသားကြိုးစားကြစေလိုပါသည်။ ပေါ်ပြူလာဖြစ်ချင် သည့် စိတ်များအားဖယ်ရှား၍ စစ်မှန်သောအောင်မြင်မှုများကိုသာ ရှာဖွေထုဆစ်နိုင်ကြစေလိုပါသည်။ ဖြူစင်သော ရင်ခုန်ခြင်း ဖြင့် ဘဝကိုတန်ဖိုးထားနိုင်ကြစေလိုပါသည်။ အပျော်ပါး များထက် ဘာသာတရားကိုသာ အလေးအနက်ထားနိုင်ကြ စေလိုပါသည်။ မိဘများအတွက် သမီးကောင်း၊ ဆရာများ အတွက် တပည့်ကောင်း၊ ခင်ပွန်းအတွက် ဇနီးကောင်း၊ သားသမီးများအတွက် မိခင်ကောင်းလေးများဖြစ်ရန်သာ ကြိုးစားကြစေလိုပါသည်။ နောက်ဆုံးအနေဖြင့် နိုင်ငံ့အတွက် ခေါင်းဆောင်ကောင်း၊ လောကအတွက်သူတော်ကောင်း မလေးများဖြစ်ရန်အတွက်သာ အထူးသတိထား၍ကြိုးစား ရပ်တည်ရှင်သန်နိုင်ကြစေလိုပါကြောင်း ဆန္ဒပြု တင်ပြ လိုက်ရပါပေတော့သည်။ ။