အမှိုက်ခွဲခြားစွန့်ပစ်ခြင်းနှင့် လက်ဆေးခြင်း၏ အရေးပါမှုအကြောင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ

မန္တလေး ၂၃ ဒီဇင်ဘာ 

မန္တလေးတက္ကသိုလ်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် UNICEF တို့ ပူးပေါင်းကျင်းပသည့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းနှင့် လက်ဆေးခြင်း၏ အရေးပါမှုအကြောင်း သိကောင်းစရာ ဟောပြောပွဲကို မန္တလေးတက္ကသိုလ် အင်းဝ(၉)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီက ဟောပြောပွဲ ကျင်းပရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားခြင်း၊ Ms. Emily Rothenberg, Fulbright Policy Fellow မှ "Waste Reduction Opportunities in Mandalay City" ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ ဉီးစိုးအောင်၊ ဒုတိယဌာနမှူး၊ သန့်ရှင်းရေးဌာန၊ MCDC မှ "Solid Waste Management in Mandalay City" ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ ဉီးသန်းကျော်စိုး၊ WASH Officer UNICEF မှ "Importance of Hand Washing" ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ ဉီးမင်းသိမ်းကိုမှ Sustainable Solid Waste Management System ခေါင်းစဉ်ဖြင့် ဟောပြောခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတက္ကသိုလ် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မန္တလေးတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်း သိကောင်းစရာ ဆွေးနွေးပွဲကို မန္တလေးတက္ကသိုလ်၌ ယခုနှစ် ဇွန်လတွင် ကျင်းပခဲ့ပြီး ယခုအချိန် ကျင်းပခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်းလည်း သိရှိရသည်။ မန္တလေးတက္ကသိုလ် မြတမာဆောင်တွင် အဆောင်နေ ကျောင်းသူများအား အမှိုက်ခွဲခြားစွန့်ပစ်ခြင်း အလေ့အထများ ရရှိစေရန် Non Organic, Organic ဟူ၍ အမှိုက်ပုံးများထားရှိပေးထားပြီး  အဆောင်နေ ကျောင်းသူများအား စည်းကမ်းတကျ အမှိုက်များ စွန့်ပစ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ မန္တလေးတက္ကသိုလ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် အမှိုက်ပုံးများကို Non Recycle နှင့် Recycle ခွဲခြားပြီးထားရှိမည်ဟု သိရသည်။

တင်မောင်(မန်းကိုယ်ပွား)