လူတိုင်း နေ့စဉ်နှင့်အမျှ အမှိုက်စွန့်ပစ်နေကြသည်။ လူနည်းစုကသာ အမှိုက်ကို စနစ်တကျစွန့်ပစ်ကြပြီး လူအများ စုကြီးတို့ကမူ အမှုမဲ့အမှတ်မဲ့၊ စည်းမဲ့ကမ်းမဲ့ တော်သလိုရော်သလိုသာ စွန့်ပစ်နေကြခြင်းဖြစ်သည်။  လူတစ်ကိုယ် အမှိုက်တစ်မျိုးသာပစ်လျှင်ပင် လူသန်းပေါင်းများစွာတို့က အမှိုက်သန်းပေါင်းများစွာတို့ကို နေ့စဉ် ပစ်နေကြခြင်း ဖြစ်သည့်အတွက် အမှိုက်စွန့်ပစ်မှုစည်းစနစ်ကျမှသာ   အမှိုက်သိမ်းသည့်အဖွဲ့အစည်းတို့လည်း   အမှိုက်ကို နိုင်အောင်သိမ်းနိုင်ကြမှာဖြစ်သည်။

 

လွန်ခဲ့သည့်နှစ်အနည်းငယ်က ရန်ကုန်တွင် အမှိုက်ကင်းစင်ရေးနှင့် အမှိုက်ကို စည်းကမ်းတကျစွန့်ပစ်ကြရေး အတွက် လူငယ် များ အဓိကပါဝင်သည့် လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များနှင့် စည်ပင်သာယာတို့ ပူးပေါင်း၍ ရေနုတ်မြောင်းကြီးများ၊ မြေအောက်မြောင်းများတွင်  နှစ်ပေါင်းများစွာ ပိတ်ဆို့နေသည့် အမှိုက်များကို ရှင်းလင်းခြင်း၊ နောက်ဖေးလမ်းကြားဥယျာဉ်များ တည်ဆောက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ ထိုဆောင်ရွက် ချက်များကြောင့် အမှိုက်များ မြင်မကောင်းအောင်ဖုံးလွှမ်းနေသည့် ရေမြောင်းကြီးများ သန့်ရှင်းသွားပြီး ကြည်နူး ပျော်ရွှင်ဖွယ်ရာ နောက်ဖေးလမ်းကြားဥယျာဉ်လေးများလည်း ပေါ်ပေါက်လာခဲ့သည်။ သို့ရာတွင် စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပစ်သည့် အကျင့်ဆိုးများကသာ ရေရှည်တွင် ပို၍အားသာသွားခဲ့ရာ လွန်စွာကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ပေးကြသည့် ကမ်ပိန်းများရှိသကဲ့သို့ပင် ဥပဒေနှင့်အညီ ထိထိရောက်ရောက် အပြစ်ပေး အရေးယူမှုများလည်း ရှိရန်လိုသည်။ တည်ဆဲဥပဒေ  ခေတ်မမီတော့လျှင်လည်း ခေတ်နှင့်အညီ ပြင်ဆင်ရမည်ဖြစ်သည်။

 

၂၀၁၇ ခုနှစ် အစီရင်ခံစာတစ်ရပ်တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စွန့်ပစ်ပစ္စည်း(အမှိုက်)     တစ်ရက်လျှင် မက်ထရစ်တန် ၂၀၀၀၀ ခန့် ထွက်သည်ဟုဆိုသည်။ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မှ တစ်ရက်လျှင် အမှိုက်တန် ၂၀၀၀ ခန့်၊  ယဉ်ကျေးမှုမြို့တော်ဖြစ်သည့်  မန္တလေးမှတစ်ရက်လျှင် အမှိုက် ၉၅၅ တန်ခန့်၊ ပြည်ထောင်စုအစိုးရရုံးစိုက်ရာ အုပ်ချုပ်ရေး မြို့တော် နေပြည်တော်မှ တစ်ရက်လျှင် အမှိုက်တန် ၂၀၀ ခန့် ထွက်နေသည်ဟုဆိုရာ စည်ပင်သာယာက သိမ်းဆည်းနိုင်ခဲ့သည့် ပမာဏများသာဖြစ်သည်။ အဆိုပါ အဓိကမြို့ကြီး သုံးမြို့မှ ထွက်လာသည့် စွန့်ပစ်ပစ္စည်း စုစုပေါင်းသည် မြန်မာတစ်နိုင်ငံလုံး စွန့်ပစ်မှု၏ ထက်ဝက်ရှိသည်ဟူ၍  ခန့်မှန်းထားသည့်အတွက် စည်ပင်သာယာက မသိမ်းဆည်းနိုင်ခဲ့သည့် စွန့်ပစ်ပစ္စည်း၊ အခြားနေရာများသို့ စွန့်ပစ်သည့် စွန့်ပစ်ပစ္စည်း၊ မီးရှို့ပစ်သည့် စွန့်ပစ်ပစ္စည်း၊ ပြန်လည်သုံးစွဲသည့် စွန့်ပစ်ပစ္စည်းနှင့် ပြန်လည်ပြုပြင်သုံးစွဲ သည့် စွန့်ပစ်ပစ္စည်းများ၏ ပမာဏမှာ ကြီးကြီးမားမားရှိနေမည် ဟူ၍ ခန့်မှန်းနိုင်သည်။

 

နိုင်ငံရပ်ခြားမြို့များ၏ သန့်ရှင်းသာယာသပ်ရပ်လှပမှုများကို     မိမိတို့လွန်စွာအားကျကြသည်။   စွန့်ပစ်ပစ္စည်း (အမှိုက်) စနစ်တကျစွန့်ပစ်ခြင်းကို လူတိုင်းလိုက်ပါဆောင်ရွက်နိုင်လျှင်ပင် မြို့ရွာများ သန့်ရှင်းသာယာရေး အတော်ခရီးပေါက်ပြီဖြစ်သည်။ အမှိုက်ကင်းစင်သည့် မြို့ရွာများတွင် သပ်ရပ်လှပရေးတည်ဆောက် မှုများဖြင့် ဆင်ယင်လိုက်ပါက မြို့ရွာကျေးလက်မှန်သမျှ အဆင့်မြင့်လှပကာ နေချင့်စဖွယ်ဖြစ်လာမည်သာ။ အမှိုက်ရှင်းလင်း သည့် ကမ်ပိန်းများ အပတ်စဉ်၊  လစဉ်ပြုလုပ်သကဲ့သို့ပင် အမှိုက်ကို စနစ်တကျစွန့်ပစ်သည့် ကမ်ပိန်းများ  နေ့စဉ်ပြုလုပ်ခြင်းဖြင့် မြို့ရွာကျေးလက်များ အလှဆင်နိုင်ကြပါစေကြောင်း။        ။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်