ဟိုပုံး ၁၄ ဇွန်
ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာကို အမှိုက်ကင်းစင်စံပြကျေးရွာ ဖြစ်လာစေရန် ရည်ရွယ်၍ စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်စေရေးနှင့် ကျေးရွာများတွင် အမှိုက်များကင်းစင်၍ သန့်ရှင်းသာယာလှပစေရေးအတွက် ကျေးရွာသူ၊ ရွာသားများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီက ကျောက္ကချားကျေးရွာ၊ ကျေးရွာပိုင်အဆောက်အဦတွင် ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောက္ကချားကျေးရွာတွင် အမှိုက်များကင်းစင်၍ သန့်ရှင်းသာယာလှပစေရန်အတွက် အမှိုက်ပုံးများ စနစ်တကျထားရှိရေး၊ အမှိုက်ကျင်းကို ကျေးရွာအိမ်ခြေများနှင့် ဝေးကွာသည့်နေရာတွင် စနစ်တကျ တူးဖော်ထားရှိရေးနှင့် အမှိုက်ကျင်း ရေရှည်ခံအသုံးပြုနိုင်အောင် ဆောင်ရွက်ရမည့် နည်းလမ်းများအား ဆွေးနွေး ပြောကြားခဲ့သည်။ ထို့ပြင် ကျေးရွာတွင် အမှိုက်ကင်းစင်သာယာလှပစေရန်အတွက် ပညာပေးဆောင်ပုဒ်များ ထားရှိစေရန် နှင့် ကျေးရွာတွင်း စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်း၍ အလှည့်ကျ အမှိုက်သိမ်းစနစ်များ ထားရှိရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပြီး စွန့်ပစ်အမှိုက်များ၏ အမျိုးအစားများနှင့် အန္တရာယ်တို့ကိုပါ ဆွေးနွေးပြောကြားခဲ့သည်။

ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်သီတာဦးက ယခုကဲသို့ ကွင်းဆင်းတွေ့ဆုံရာတွင် ကျေးလက်ဒေသအတွင်း အမှိုက်များကင်းစင်လာလျှင် ကျေးရွာများ သာယာလှပလာခြင်းနှင့်အတူ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ အနေဖြင့်လည်း အားကျအတုယူလာမည် ဖြစ်ကာ သဘာဝပတ်ဝန်းကျင်ကို ပိုမို၍ ထိန်းသိမ်းလာနိုင်ခြင်း စသည်ဖြင့် ကောင်းမွန်သည့် တိုးတက်ပြောင်းလဲမှုများကို ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အမှိုက်ကင်းစင်ရေးကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဟိုပုံးမြို့နယ်၊ လွယ်အွန့်ကျေးရွာကို စံပြအနေဖြင့် ကျေးရွာအမှိုက်ကင်းစင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် လွယ်အွန့်ကျေးရွာ အုပ်စုအတွင်းရှိ ဂနိုင်တုံကျေးရွာ နှင့် ဘန့်ပိန်ကျေးရွာအုပ်စု ချင်းကုန်း ကျေးရွာ တို့တွင် အမှိုက်ကင်းစင်ရေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခု စံဖူးကျေးရွာ အုပ်စု၊ ကျောက္ကချားကျေးရွာတွင် လူထုနှင့်တွေ့ဆုံကာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထက်ထက်(ဟိုပုံး)