ရန်ကုန်  ၂၂  ဇွန် 

 

၂၀၁၇ ခုနှစ်မှစတင်၍ ရန်ကုန်မြို့တော် သာယာလှပရေးနှင့် ကျန်းမာသောလူနေမှု ဘဝရရှိစေရေး အမှိုက်ကင်းစင်လမ်းကြား ဥယျာဉ်တို့ကို စတင်ပုံဖော်ခဲ့ရာ ရန်ကုန်မြို့တွင်း လမ်းကြားဥယျာဉ်(၈)ခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး မိုးအကုန်တွင် ရန်ကုန်မြို့ (၁၀၁) လမ်း (သိမ်ဖြူ)နှင့် (၃၁)လမ်း (ဗိုလ်ဆွန်ပက်လမ်း) တို့ကို အမှိုက်ကင်းစင် လမ်းကြားဥယျာဉ်များအဖြစ် ဆက်လက်ဖော်ဆောင်သွားမည်ဟု သိရသည်။

 

(၃၁)လမ်း (ဗိုလ်ဆွန်းပက်လမ်းသည် YCDC မှ နောက်ဖေးလမ်းကြားအား သန့်ရှင်းရေးဆောင်ရွက်ထားမှုကြောင့် (၉၀) ရာခိုင်နှုန်းခန့် အမှိုက်ရှင်းလင်းလျက်ရှိပြီး ၁၀၁ လမ်း(သိမ်ဖြူ)ကိုလည်း နောက်ဖေးလမ်းကြား ဥယျာဉ်အဖြစ် ဒို့အိမ်အဖွဲ့မှ ဆက်လက်ပုံဖော် ဆောင်ရွက်မည်ဖြစ်ရာ နောက်ဖေးလမ်းကြား ဥယျာဉ်များကို ထိုလမ်းကြားအနီး နေထိုင်သူများ၊ နောက်ဖေးလမ်းကြားဖြစ်မြောက်ရေး ကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း၍ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဖေးလမ်းကြား ဥယျာဉ်ဖြစ်မြောက်ရေးအတွက် အလှူရှင်(Donor)က (၈၀) ရာခိုင်နှုန်းနှင့် ရပ်ကွက်ပြည်သူမှ (၂၀) ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအကောင်အထည်ဖော်ရန် ကုမ္ပဏီများနှင့် သံရုံးတို့က ထောက်ပံ့ကူညီလျက်ရှိသည်။

 

ဒို့အိမ်အဖွဲ့မှ နောက်ဖေးလမ်းကြား ဥယျာဉ်များကို ဖော်ဆောင်ရာတွင် မြို့နယ်အလိုက် လူငယ်မိန်းကလေးငယ်များ ကိုယ်တိုင်ကလေးကစာကွင်းနှင့် ပန်းဥယျာဉ်တို့ကို လူငယ်တို့၏ စိတ်ကူးအတိုင်း ပုံဖော်တည်ဆောက်နိုင်ရန် ပံ့ပိုးကူညီလျက်ရှိရာ ဇွန်(၂၂)ရက်နေ့နံနက်ပိုင်းတွင် ရန်ကင်း TTC နှင့် (၁၂) လုံး တန်းကြားရှိ လမ်းမကြီးဘေးတွင် ကလေးကစားကွင်းနှင့် ဥယျာဉ်ငယ်ကို ရန်ကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်၍ ကလေးကစားကွင်းနှင့် ဥယျာဉ်ကို ဖွင့်လှစ်ပေးခဲ့ရာ ဒုတိယမြောက်အဖြစ် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ပြီး ပထမဆုံးကလေးကစားကွင်းနှင့် ဥယျာဉ်ကို လှိုင်သာယာ အမှတ်(၂၀)ရပ်ကွက်၌ မေလကဖွင့် လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပမှုနှင့်အတူ ရန်ကုန်မြို့တွင်းရှိ မြို့နယ်များ၏ လမ်းကြားများကို အပန်းဖြေနေချင်စဖွယ် ဥယျာဉ်များအဖြစ် ဒို့အိမ်အဖွဲ့မှ ဖန်တီးလျက်ရာ၌ မြို့ပြအမွေအနှစ်ပြုပြင် ထိန်းသိမ်းရေး၊ နောက်ဖေးလမ်းကြား ပရောဂျက်နှင့် မိန်းကလေးများ ဦးဆောင်သော ပရောဂျက်ဖြစ်သည့် အများပြည်သူ အနားယူ အပန်းဖြေရာ ပန်းခြံနှင့် ကစားကွင်းဖန်တီးခြင်း၊ အများပြည်သူအသိအမြင် ကျယ်ပြန့်လာစေရန် စွမ်းရည်မြှင့်တင်ခြင်းစသည့် အချက်(၃)ချက်ဖြင့် ဖော်ဆောင်လျက်ရှိသည်။ ရန်ကုန်မြို့တွင် ဒို့အိမ်မှပြုပြင်ထားသော နောက်ဖေးလမ်းကြား ဥယျာဉ်တို့မှာ ဆိပ်ကမ်းသာလမ်းနှင့် (၃၉) လမ်းကြား အလယ်ဘလောက်၊ (၃၁)လမ်းနှင့် (၃၂)လမ်းကြား အလယ်ဘလောက်၊ ဗိုလ်ဆွန်ပက်လမ်းနှင့် (၃၁)လမ်းကြား အလယ်ဘလောက်၊ ရွှေဘုံသာလမ်းနှင့်(၂၉)လမ်းကြားအပေါ် ဘလောက်၊ မဟာဗန္ဓုလ ပန်းခြံလမ်းနှင့်(၃၅)လမ်းကြား အပေါ်ဘလောက်၊ (၄၁)လမ်းနှင့်(၄၂)လမ်းကြား အပေါ်ဘလောက်၊ (၂၇)လမ်းနှင့်(၂၈)လမ်းကြား အလယ်ဘလောက်နှင့် လမ်း(၃၀)နှင့် ဗိုလ်ဆွန်ပက်လမ်းကြား အပေါ်ဘလောက် စသည့်နေရာ(၈)နေရာတို့တွင် အမှိုက်ကင်းစင် လမ်းကြားဥယျာဉ်များအ ဖြစ်ဒို့အိမ်နှင့်အတူ ပရဟိတလူငယ်များ စုပေါင်း၍ အဆိုပါလမ်းတွင် နေထိုင်သော လမ်းသူလမ်းသားများဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်အတူ လှပအနားယူချင်စဖွယ် နောက်ဖေးလမ်းကြားများအဖြစ် ပုံဖော်နိုင်ခဲ့ပြီး (၁၀၁)လမ်း (သိမ်ဖြူ)နှင့် (၃၁)လမ်း (ဗိုလ်ဆွန်းပက်)တို့၏ လမ်းကြားနှစ်ခုကိုလည်း ဆက်လက်အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း ဒို့အိမ်အဖွဲ့မှ သိရသည်။

 

သန်းထိုက်

 

ဓာတ်ပုံ - သန်းစိုး