mdn

သတင်းဆောင်းပါး - အေးအေးကြူ (ကျေးလက်ဦးစီး)

 

ယခုအခါ လူဦးရေ တိုးတက်များပြားလာခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာခြင်းနှင့်အတူ စွန့်ပစ်အမှိုက်ထွက်ရှိမှုသည် လည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်ရှိသည်။ စွန့်ပစ်အမှိုက်များစွာထဲမှတစ်မျိုးဖြစ်သည့် ပလတ်စတစ် အမှိုက်များကြောင့် ပင်လယ်သမုဒ္ဒရာများနှင့် အဏ္ဏဝါ ဂေဟစနစ်ကို ပျက်စီးစေပြီးလူသားတို့၏ကျန်းမာရေးကို လည်း ခြိမ်းခြောက်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် ပလတ်စတစ်အိတ် အလုံးရေ၅၀၀ဘီလီယံခန့် အသုံးပြု လျက်ရှိပြီး ပလတ်စတစ်အိတ်တန်ချိန် ကိုးသန်းခန့်သည် ပင်လယ်သမုဒ္ဒရာများအတွင်း အမှိုက်များအဖြစ် ပျံ့နှံ့မျောပါလျက်ရှိသည်။ ကမ်းရိုးတန်း ၁၉၂ နိုင်ငံမှ ထွက်ရှိ  သော စွန့်ပစ်ပစ္စည်းများ၏ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင် နှုန်းထားသည် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ ဖြစ်ကြ သည်။ ယင်းပမာဏအတိုင်းသာ ပလတ်စတစ်များကို  ဆက်လက်အသုံးပြုနေပါက၂၀၅၀ပြည့်နှစ်တွင် ပင်လယ် သမုဒ္ဒရာများအတွင်း ငါးများထက် ပလတ်စတစ်အမှိုက် များက ပိုများလာနိုင်ကြောင်း စစ်တမ်းများက ဖော်ပြ ထားသည်။

 

ပလတ်စတစ်အမှိုက်များ၏ ဆိုးကျိုးများ

 

မြန်မာနိုင်ငံအတွင်း ပလတ်စတစ်ကို ယခင်က မြို့ပြ များ၌သာ အသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင်  လူဦးရေ အများဆုံးနေထိုင်သည့် ကျေးလက်ဒေသများတွင်လည်း ပလတ်စတစ်ပစ္စည်းများကို တွင်တွင်  ကျယ်ကျယ် သုံးစွဲလာကြကြောင်း တွေ့ရှိရသည်။ ပလတ်စတစ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းသည် ကျေးရွာများ၏ သန့်ရှင်းသာယာလှပမှုကို ထိခိုက် ပျက်စီးစေသည့်အပြင် စားကြွင်းစားကျန်များကို ပလတ် စတစ်အိတ်များနှင့် ပလတ်စတစ်ပစ္စည်းများထဲတွင် ထည့်၍ စွန့်ပစ်ကြခြင်းကြောင့် ရောဂါပိုးမွှားများနှင့် ဗက်တီးရီးယားပိုးမွှားများ ပေါက်ပွားကာ လူတို့၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါသည်။

 

ထို့အပြင် ပလတ်စတစ်ပစ္စည်းများသည် မြစ်ချောင်း များနှင့် ပင်လယ်သမုဒ္ဒရာများအတွင်း ရောက်ရှိသွားလျှင် အဏ္ဏဝါဂေဟစနစ်ကိုလည်း ပျက်စီးစေနိုင်သည်။ အထူးသဖြင့် ပလတ်စတစ်အိတ်များသည် ဂျယ်လီငါး နှင့်တူသောကြောင့် ပင်လယ်လိပ်များသည် ၎င်းတို့၏ အစားအစာအဖြစ် လွဲမှားစားသုံးမိသဖြင့် သေဆုံးကြရ ခြင်းများ ဖြစ်လေ့ရှိသည်။

 

ပလတ်စတစ်အိတ်များကြောင့် လယ်ကွင်းများတွင် အမိုးနီးယားဓာတ်ငွေ့ထွက်ရှိမှု မြင့်တက်လာစေနိုင်သလို ရွှံ့ညွန်တောများ၌လည်း ပလတ်စတစ်အမှိုက်များကြောင့် အောက်ဆီဂျင်ဓာတ်ငွေ့ကို လျော့ကျစေပြီး သက်ရှိများ ပေါက်ဖွားမှုကိုလည်း ကျဆင်းစေနိုင်သည်။

 

ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ ကျေးလက်နေ ပြည်သူလူထု ပျော်ရွှင်ကျန်းမာစွာ နေထိုင်နေရေးတို့အတွက် ကျေးရွာ ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို ရည်ရွယ်၍ “ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲရေးစနစ်” ကိုစိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

 

အမှိုက်စီမံခန့်ခွဲမှုစနစ်၏ ရည်ရွယ်ချက်

 

ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် ဆောင်ရွက် ရခြင်း ရည်ရွယ်ချက်မှာ ကျေးရွာများတွင် ကျေးရွာလူထု အား အခြေပြုသည့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲရေးစနစ်ကိုကျင့်သုံးဆောင်ရွက်တတ်လာစေရန်၊ အဖွဲ့ အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ကိုယ်ထူကိုယ်ထ ဖွံ့ဖြိုးရေး လုပ်ငန်း များကို စနစ်တကျဆောင်ရွက်မှု အားကောင်းလာစေရန်၊ ထိရောက်ကောင်းမွန်သော စွန့်ပစ်အမှိုက် စီမံခန့်ခွဲမ ှုစနစ်ဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်နိုင်စေမှု အလားအလာများကို လျှော့ချပေးနိုင် စေရန်၊ စွန့်ပစ်အမှိုက်များကို ပြန်လည်တီထွင် သန့်စင်အသုံးပြုသည့်စနစ်ဖြင့် သဘာဝ သယံဇာတအရင်းအမြစ် ထုတ်ယူသုံးစွဲမှုကို လျော့နည်းစေရန် စသည့် ရည်ရွယ်ချက်များဖြစ်သည်။

 

 အမှိုက်ထွက်ရှိနိုင်သော နေရာများ

 

အမှိုက်ထွက်ရှိသည့် အရင်းအမြစ်များကို လေ့လာရာ တွင် အမှိုက်ထွက်ရှိနိုင်သည့် နေရာများမှာ လူနေအိမ်မှ ထွက်ရှိသောအမှိုက်၊ စီးပွားရေးလုပ်ငန်းမှ ထွက်ရှိသော အမှိုက်(ဈေးဆိုင်၊ စားသောက်ဆိုင်၊ ကျေးရွာဈေး စသည် များ)၊ စက်ရုံအလုပ်ရုံ (သို့မဟုတ်) ကျေးရွာစက်မှုလက်မှု လုပ်ငန်းများမှ ထွက်ရှိသောအမှိုက်၊ အဖွဲ့အစည်းနှင့် ဌာန များမှ ထွက်သောအမှိုက်(စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဆေးရုံ စသည်များ)၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ထွက် ရှိသောအမှိုက်များ ဖြစ်ကြသည်။

 

စွန့်ပစ်အမှိုက်များကို သိမ်းဆည်းသယ်ယူခြင်း

 

 ကျေးရွာရှိ လူနေအိမ်နှင့် အခြားနေရာမှ ထွက်ရှိသော  အမှိုက်များကို အများသုံး အမှိုက်ကန်စနစ်ဖြင့် အမှိုက် စုဆောင်းခြင်းတွင် ရွှေ့ပြောင်းနိုင်သော အမှိုက်ကန်နှင့်  မရွှေ့ပြောင်းနိုင်သော အမှိုက်ကန် အမျိုးအစားများကို အသုံးပြုရမည်ဖြစ်သည်။ အမှိုက်ကန်များမှမကောင်းသော အနံ့အသက်ဆိုးများ မထွက်စေရေး၊ အမှိုက်များ လျှံကျ ပြန့်ကျဲမှုမရှိစေရေးနှင့် တိရစ္ဆာန်တို့၏ရန်များမှ ကာကွယ်နိုင်ရေးအတွက် စနစ်တကျ သိုလှောင်ထားသင့်သည်။

 

ကျေးရွာရှိ လူနေအိမ်နှင့် အခြားနေရာများမှ ယာယီသိုလှောင်ထားသော အမှိုက်များကို အမှိုက်ကန်သို့ သယ်ယူရန်အတွက် အိမ်တိုင်ရာရောက် အမှိုက်သိမ်းဆည်း ခြင်း၊ ခေါင်းလောင်းတီး အမှိုက်သိမ်းဆည်းခြင်းနှင့် စုပေါင်း အမှိုက်သိမ်းဆည်းခြင်း နည်းလမ်းများဖြင့် သိမ်းဆည်းဆောင်ရွက်လျက်ရှိသည်။ အမှိုက်များ သိမ်းဆည်း ရာတွင် လိုအပ်သော စက်ကိရိယာနှင့် အမှိုက်သိမ်းယာဉ်များရရှိရေးအတွက် ကျေးရွာများတွင် ကျေးရွာသူ ရွာသားများ ပါဝင်သည့် ကျေးရွာအမှိုက်စွန့်ပစ်ရေး ကော်မတီများ ဖွဲ့စည်းပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ပူးပေါင်း ဆွေးနွေး၍လမ်းဘေးဝဲယာတွင် အမှိုက်ပုံးများထားရှိခြင်း၊ အမှိုက်များ သိမ်းဆည်းခြင်းကို လက်တွန်းလှည်း၊ သုံးဘီး မော်တော်ဆိုင်ကယ်များ၊ ထော်လာဂျီများဖြင့် အပတ်စဉ် အမှိုက်ကန်သို့ သယ်ယူစွန့်ပစ်ခြင်းဖြင့် အမှိုက်ကင်းစင်ရေး ဆောင်ရွက်ရမည်ဖြစ်သည်။

 

ထို့အပြင် ကျေးရွာလမ်းများတွင် တံမြက်စည်းလှဲခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကိုလည်း ကျောင်း အားလပ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့များတွင် အနာဂတ်၏ လူငယ်လေးများဖြစ်သည့် ကျောင်းသူ ကျောင်းသား များနှင့် ကျေးရွာသူ ရွာသားများ စုပေါင်း၍ ကျေးရွာသန့်ရှင်းရေး အတွက် ဆောင်ရွက်လျက်ရှိကြသည်။

 

စွန့်ပစ်အမှိုက်များကို ပြန်လည်သန့်စင် သုံးစွဲခြင်း

 

စွန့်ပစ်အမှိုက်များကို ကုန်ကြမ်းအဖြစ် အသုံးပြု၍ ခေတ်မီ နည်းပညာများကို အသုံးပြုကာ ပစ္စည်းအသစ်များ ပြန်လည် ထုတ်လုပ်ခြင်း၊ အမှိုက်များကို ပြန်လည် ပြုပြင်  သန့်စင်သုံးစွဲခြင်း၊ ဇီဝနည်းလမ်းများမှ တစ်ဆင့် သဘာဝ မြေသြဇာပြုလုပ်ခြင်း၊ ဇီဝဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ အမှိုက် မီးရှို့စက်ဖြင့် မီးရှို့၍ စွမ်းအင်အဖြစ် ပြောင်းလဲဆောင်ရွက် ခြင်းနှင့် စွန့်ပစ်အမှိုက်များကို အလွှာများအလိုက် မြေဖုံး အမှိုက်ကျင်းထဲသို့ စနစ်တကျ စွန့်ပစ်ခြင်းတို့ ဖြစ်သည်။

 

ကျေးရွာများတွင် အမှိုက်များကို အမှိုက်စိုနှင့် အမှိုက် ခြောက်ဟူ၍ အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်စေပါက ပလတ်စတစ်အထူ၊ ဘူးခွံ၊ ဖန်ပုလင်း၊ သတ္တု၊ အဝတ်နှင့် အထည်အလိပ် စသည်များကို အမှိုက်ပြန်လည်သန့်စင် စက်ရုံသို့ ရောင်းချခြင်းဖြင့် လည်ပတ်ရန်ပုံငွေ ရရှိနိုင်မည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်သွားခြင်းဖြင့် နောက်ဆုံး မြေဖို့အမှိုက်ကျင်းတွင် စွန့်ပစ်ရမည့် အမှိုက်ပမာဏကို လျှော့ချပေးနိုင်သကဲ့သို့ မြေဖို့ အမှိုက်ကျင်း၏နေရာ လိုအပ်ချက်ကို လျှော့ချပေးနိုင်ခြင်း၊ အသုံးပြုသက်တမ်းကြာရှည်စေခြင်းတို့အပြင် အမှိုက်ကျင်းသက်တမ်း ကုန်ဆုံး ပါက ထိုနေရာတွင် သစ်ပင်များ စိုက်ပျိုးနိုင်သည့် အကျိုးကျေးဇူးကိုပါ ရရှိမည်ဖြစ်သည်။

 

လုပ်ငန်းလည်ပတ် ကုန်ကျစရိတ်အတွက် ရန်ပုံငွေထူထောင်ခြင်း

 

ကျေးရွာများတွင် အမှိုက်ကင်းစင်ရေးအတွက် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုလုပ်ငန်းကို ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေအရင်းအမြစ် ရရှိရေးသည်လည်း အထူးအရေးပါသော ကိစ္စရပ်တစ်ခု ပင်ဖြစ်ပေသည်။ လိုအပ်သောရန်ပုံငွေများ ရရှိလာရေးအတွက် ကျေးရွာလူထုထံမှ အိမ်ထောင်စု အလိုက် အမှိုက်သိမ်းဆည်းပေးသည့် ဝန်ဆောင်မှုအတွက် ဝန်ဆောင်ခငွေကြေး ကောက်ခံခြင်း၊ သက်ဆိုင်ရာ အစိုးရဌာန များသို့ တင်ပြ တောင်းခံခြင်း၊ အခြား လူမှုရေးအဖွဲ့အစည်းများထံမှ အကူအညီရယူခြင်း စသည်တို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး အမှိုက်သန့်စင်ခြင်းမှ ပြန်လည်ရရှိသည့် ဝင်ငွေများကို အမှိုက်ကင်းစင်ရေး လုပ်ငန်းများ၌ပင် ပြန်လည်သုံးစွဲ၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့်ဌာန၏ရည်မှန်းချက်နှင့် အညီ ကျေးရွာလူထုကို ဗဟိုပြုသည့်စီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ကျေးရွာလူထု ကျန်းမာသန့်ရှင်းရေး လုပ်ငန်းဖြစ်သည့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာအကူအညီများဖြင့် ကျေးရွာနေ ပြည်သူလူထု ကိုယ်တိုင် ပူးပေါင်းပါဝင်ပြီး ကျေးရွာသန့်ရှင်း သာယာ လှပရေးနှင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်သည်။

 

အကျိုးကျေးဇူးများ

 

အဆိုပါလုပ်ငန်းများကိုကျေးရွာနေလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကျေးရွာနေ ပြည်သူများ၏ စွမ်းဆောင်ရည် မြင့်မားလာခြင်း၊ အများ အကျိုးကို ဦးစားပေးရှေးရှုတတ်သောပရဟိတစိတ်ထား များ ဆထက်ပွား တိုးတက်လာခြင်း၊ ဒေသအစိုးရ အပါအဝင် အခြား ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း ချိတ်ဆက် အကောင်အထည်ဖော် ဆောင်ရွက်တတ်မှု အားကောင်းလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိ မည် ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲရေးနည်း စနစ်ကို ကျေးရွာပေါင်း ၃၁၂ ရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ပူးပေါင်းပါဝင် ကူညီမှု ဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကာ ဆက်လက်၍ ကျေးရွာပေါင်း ၁၁၀ကျော်တွင်လည်း တိုးချဲ့ဆောင်ရွက် လျက်ရှိသဖြင့် နိုင်ငံတစ်ဝန်းလုံးရှိကျေးရွာများအားလုံးမှ ပြည်သူများကလည်း လိုက်ပါဆောင်ရွက်ပေးကြခြင်းဖြင့် ကျန်းမာ သန့်ရှင်းရောဂါကင်းပြီး အမှိုက်ကင်းကွာသည့် ကျေးရွာ များ မလွဲမသွေ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။ ။