ရန်ကုန် ၂၈ နိုဝင်ဘာ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ရန်ကုန်မြို့တွင်ထွက်ရှိသည့်အမှိုက်များအနက် နေ့စဉ် အမှိုက်တန်ချိန် ၁၀၀၀ ကျော် ဖျက်ဆီးကာ အမှိုက်မှ CNG ထုတ်လုပ်နိုင်ရန် ပိုလန်နည်းပညာဖြင့် ဆောင်ရွက်လျက်ရှိသည်။
“ကျွန်တော်တို့ရဲ့ မင်္ဂလာဒုံလှော်ကားမှာရှိတဲ့ နောက်ဆုံးစွန့်ပစ်အမှိုက်ဖျက်ဆီးတဲ့ စွမ်းအင်ထုတ် လုပ်တဲ့စက်ရုံကို တစ်နေ့ထက်တန်ချိန် ၆၀ ပို့ပြီးတော့ မီးရှို့ ဖျက်ဆီးနေတဲ့အစီအစဉ်တွေရှိပါတယ်။ နောက်ပြီးထိန်ပင်အမှိုက်ပုံမှာတော့ လက်ရှိမှာ တန် ၁၀၀၀ ကျော်ကို ပိုလန်နိုင်ငံနည်းပညာနဲ့ အမှိုက်ကနေ CNG ထုတ်ဖို့ဆောင်ရွက်နေတာတွေရှိပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌဌာနမှူး ဦးချိုထွန်းအောင်က ပြောကြားသည်။
ရန်ကုန်မြို့၏ အမှိုက်ထွက်ရှိမှုသည် နေ့စဉ် တစ်ရက်လျှင် တန်ချိန် ၂၅၀၀ ကျော်ထွက်ရှိပြီး အဆိုပါအမှိုက်တန်ချိန် ၂၅၀၀ ကျော်အနက်မှ တန်ချိန် ၁၅၀၀ ကျော်အား ရန်ကုန်အနောက်ပိုင်းခရိုင်တွင်ရှိသည့် ထိန်ပင်အမှိုက်ပုံရှိရာဖြစ်သောခက်ဆုံး စွန့်ပစ်အမှိုက်ပုံသို့ ပို့ဆောင် ဖျက်ဆီးလျက်ရှိသည်။ အလားတူ တန်ချိန် ၁၀၀၀ ကျော်အား ထားဝယ်ရောင်အမှိုက်ပုံသို့ပို့ဆောင်ကာ ဖျက်ဆီးလျက်ရှိကြောင်းလည်း သိရသည်။
ရန်ကုန်မြို့တွင် အမှိုက်ကင်းစင်မြို့နယ်များ ဖြစ်ပေါ်စေရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌဌာနအနေဖြင့် အခြေခံပညာကျောင်းများ၌ အမှိုက်နှင့်ပတ်သက်သည့် အသိပညာပေးမှုများ၊ မြို့နယ်အချို့တွင် အမှိုက်နှင့်ပတ်သက်၍ စနစ်တကျ စွန့်ပစ်ရေး လိုက်လံစည်းရုံးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
ပွင့်သစ္စာ