၁၁ ဇန်နဝါရီ


ကျိုင်းတုံ


၂၀၁၈-၂၀၁၉ ပညာသင်နှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၁၀ ရက်၊ နံနက်ပိုင်းက  ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ  အခြေခံပညာကျောင်းများမှ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ပညာရေး စုံညီပွဲတော်သို့  တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် တပ်မတော်အရာရှိများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလှနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊     ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)ကျိုင်းတုံမှ ဒုတိယပြည်နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မာနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။


ဖြိုးလေး(တာချီလိတ်)

 

 


လိပ်သို 


ကရင်ပြည်နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၏  (၂၀၁၈-၂၀၁၉) ပညာသင်နှစ်အတွက် ပညာရေး စုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီက ကျောင်းရှေ့မြက်ခင်းပြင်၌  မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီထွန်းနှင့်    မြို့မိမြို့ဖ ဦးမောင်ထူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြောင်း သိရသည်။


ဖွင့်ပွဲ အခမ်းအနားတွင်  ဆရာ/ဆရာမများက “ကြိုဆိုပါသည်  စုံညီပွဲတော်” အဖွင့်တေး သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ကျောင်းသား၊ ကျောင်းသူများ ပညာရေးမြင့်မားရေးအတွက် ကျောင်းအတန်းပညာအပြင်  ဘက်စုံထူးချွန်သော လူငယ်မောင်မယ်များဖြစ်ရေး အမှာစကား အသီးသီးပြောကြားသည်။


ဆက်လက်၍ ပြည်နယ်အဆင့် အားကစားထူးချွန်ဆုများ၊ မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အားကစားထူးချွန်ဆုများ၊ အထက်တန်း၊အလယ်တန်းနှင့် မူလတန်းအဆင့်စာပေ၊ ပန်းချီထူးချွန်ဆုများ၊  တိုင်းရင်းသားစာပေ  စာဖတ်စွမ်းရည်ထူးချွန်ဆုများ၊  ကျောင်းတွင်း အားကစားပြိုင်ပွဲ ထူးချွန်ဆုများ  ရရှိသော  ကျောင်းသား၊    ကျောင်းသူ(၁၂၆)ဦး တို့အား  မြို့အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများက ဆုများချီးမြှင့်  ပေးကြသည်။ ဆုချီးမြှင့်ပွဲအပြီးတွင် အထက်တန်းအဆင့်  ကျောင်းသား၊ ကျောင်းသူလေးများက  “ပြည်မြန်မာ”  တေးသီချင်းဖြင့်  တင်ဆက်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


ဇာဖြူဝင်း(ပြန်/ဆက်)

 


အမာ 


ဧရာဝတီတိုင်းဒေသကြီးဖျာပုံခရိုင်အမာမြို့ဘဝသစ်ကျေးရွာအုပ်စုကမ်းနားကွင်းကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

 

ဝင်းမြင့်အောင်(ပြန်/ဆက်)

 


မာန်အောင် 


ရခိုင်ပြည်နယ် မာန်အောင်မြို့ အ.ထ.က(ခွဲ) ဈေးတန်း၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်ည ၇ နာရီက ကျင်းပခဲ့သည်။ အခမ်းအနားတွင် အ.ထ.က( ခွဲ) ဈေးတန်းကျောင်းအုပ် ဆရာကြီး ဦးသန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် လူရည်ချွန်ဘက်စုံ ထူးချွန်ဆုရရှိသူများ၊ မြန်မာစာ၊ သင်္ချာ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အားကစား ထူးချွန်ဆုရရှိသူများကို ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ဆုချီးမြှင့်ကြပြီး ကျောင်းသား/သူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


သိန်းဖေ(ပြန်/ဆက်)

 


တနင်္သာရီ 


တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု-လယ်တောင်ယာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်နေ့ ည ၈ နာရီအချိန်က အဆိုပါ ကျောင်းဝင်းအတွင်း ယာယီမဏ္ဍပ်တွင် ကျောင်းသူ ကျောင်းသားများမှ လောကအားမာန်သီချင်း သီဆို၍ စတင်ဖွင့်လှစ်ပြီး ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ်ပညာရေးမှူးဦးခိုင်ထွန်းတို့က အမှာစကားများ ပြောကြားပေးကြသည်။


ဆက်လက်၍ အလက-လယ်တောင်ယာကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မိုးသွယ်က စုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး ကျောင်းအကျိုးဆောင်ဥက္ကဌ ဦးဇော်ဝင်းက အခမ်းအနားသို့တက်ရောက်ချီးမြှင့်ပေးပါသော ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ တိုင်းဒေသကြီး အမှတ်(၂)လွတ်တော်ကိုယ်စားလှယ်ဦးရဲမြင့်ဆွေ၊မြို့နယ် ပညာရေးမှူးနှင့်ဌာနဆိုင်ရာဦးစီးမှူးများ၊ ပညာရေး မိသားစုဝင်များ၊ ဆရာ/မများ၊ကျောင်းသားမိဘများအား အထူးကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်စကားပြောကြားသည်။


နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


ဆားလင်းကြီးမြို့အထက်တန်းကျောင်း၌  ၂၀၁၈ - ၂၀၁၉  ပညာသင်နှင်နှစ် ပညာရေး စုံညီပွဲနှင့် ဆုပေးပွဲအခမ်းအနားကို  ဇန်နဝါရီ  ၁၀  ရက်နေ့  နံနက်  ၉  နာရီအချိန်က  ဆားလင်းကြီးမြို့ အထက်တန်းကျောင်း  ပန်းမြတ်သဇင်ခန်းမ၌  ကျင်းပပြုလုပ်ကြာင်းသိရသည်။  အခမ်းအနားတွင်  ၂၀၁၈  - ၂၀၁၉  ပညာသင်နှစ်တွင်  ဆုရှိသော  ကျောင်းသား  ကျောင်းသူများအား  တာဝန်ရှိသူများက  ဆုများအသီးသီး  ချီးမြှင့်ပေးခဲ့ပြီး  တက်ရောက်ကြေ်ကြသော  ပရိတ်သတ်များအား  ကျောင်းသားကျောင်းသူလေးများက  အကအလှများဖြင့်  ဖျော်ဖြေတင်ဆက်ပေးကြာင်းသိရှိရသည်။


ဦးငယ်(ဆားလင်းကြီး)