စစ်တွေ   နိုဝင်ဘာ   ၁၆

 

၂၀၂၁ ခုနှစ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီ အားကစားခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။

 

ရှေးဦးစွာ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် စစ်တွေမြို့နယ်အသင်းနှင့် သံတွဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်တွေမြို့နယ်အသင်းက တစ်ပွဲရှုံး၊ နှစ်ပွဲနိုင်ဖြင့် အနိုင်ရရှိကာ ဆုဖလား ရရှိသွားသည်။ ထို့နောက် ဆုပေးပွဲ အခမ်းအနားကိုကျင်းပရာ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူးနှင့် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးတို့က အမျိုးသားနှင့် အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုများကို ပေးအပ်ချီးမြှင့်ကြပြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက တတိယဆုရရှိသော တောင်ကုတ်မြို့နယ် အမျိုးသမီးအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ပြည်နယ်ဥပဒေချုပ်က တတိယဆုရရှိသော ရမ်းဗြဲမြို့နယ် အမျိုးသမီးအသင်းအား လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ပထမဆုရရှိသော သံတွဲမြို့နယ် အမျိုးသမီးအသင်းအား လည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက တတိယဆု ရရှိသော တောင်ကုတ်မြို့နယ် အမျိုးသားအသင်းအား လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဒုတိယဆုရရှိသော သံတွဲမြို့နယ် အမျိုးသားအသင်းအား လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပထမဆုရရှိသော စစ်တွေမြို့နယ်အသင်းအား လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုတို့ကို ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် တိုင်းမှူးက ပထမဆုရရှိသော သံတွဲမြို့နယ် အမျိုးသမီးအသင်းအား တံခွန်စိုက်ဆုဖလားကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသော စစ်တွေမြို့နယ် အမျိုးသားအသင်းအား တံခွန်စိုက်ဆုဖလားကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

 

အဆိုပါ မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှ အမျိုးသား ၁၇ သင်းနှင့် အမျိုးသမီး ၁၆ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားများအား ဆုငွေ ၅၀၀၀၀ ကျပ်၊ တတိယဆု ကျပ် ၁၅၀၀၀၀၊ ဒုတိယဆု ကျပ် ၂၀၀၀၀၀နှင့် ပထမဆု ကျပ် ၃၀၀၀၀၀ စီ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)