ဆီဆိုင်     ၆     နိုဝင်ဘာ         

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)အတွက် စီမံကိန်းဝန်ထမ်း များအား ကျားမရေးရာမွမ်းမံသင်တန်းကို နိုဝင်ဘာ ၅ ရက်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

 

၁

 

အဆိုပါ သင်တန်း၌ မြို့နယ်အဆင့် နည်းပညာအကြံပေး ကျားမရေးရာတာဝန်ခံ ဒေါ်ယဉ်ယဉ်အေးက သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ပြီး လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက် နည်းပညာမှူးများ  စုစုပေါင်း(၆၄)ဦးတို့အား ကျားမရေးရာ(Gender)အခြေခံ သဘော တရားများအကြောင်း၊ စီမံကိန်းတွင် ကျားမရေးရာအမြင်များ ထည့်သွင်းလုပ်ဆောင်ခြင်း၊ ကျားမ ရေးရာနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ကျေးရွာတွင် ပို့ချမည့်သင်တန်းလမ်းညွှန်များကို ရှင်းပြခြင်း၊ လုပ်သား ပါဝင်အစီရင်ခံစာပုံစံများအကြောင်းတို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျားမရေးရာမွမ်းမံသင်တန်းဖွင့်လှစ်ရခြင်းမှာ ကျားမရေးရာ(Gender) သဘောတရား များကို နားလည်သဘောပေါက်စေရန်၊ လူထုဗဟိုပြုစီမံကိန်းရှိ လက်ထောက် နည်းပညာ မှူးများနှင့် လူထုစည်းရုံးရေးမှူးများ ကျားမရေးရာဖော်ဆောင်ရေး အမြင်ဖွင့်သင်တန်း လုပ်ဆောင်နိုင်ရန်၊ လူထုဗဟိုပြုစီမံကိန်းအတွင်း ကျားမရေးရာတန်းတူညီမျှမှုရရှိရေး လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်တတ်စေရန်၊ အမျိုးသား အမျိုးသမီးများကြား အခွင့်အရေးတန်းတူ ညီမျှရရှိလာစေရန်နှင့် အတူတကွပူးပေါင်းဆောင်ရွက်မှုရှိစေရန်အတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ် ရခြင်းဖြစ်ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)