မန္တလေး ၈ သြဂုတ်
ပြင်ဦးလွင်မြို့၊ အမျိုးသား ကန်တော်ကြီးဥယျာဉ်အား ဆေးလိပ်ငွေ့ကင်းစင်သော ဥယျာဉ်အဖြစ် အခုလ ၇ ရက်က သတ်မှတ်လိုက်ကြောင်း Htoo Zoos & Gardens Business Unit ၏ Deputy Managing Director ဦးဝေမျိုးအောင်က ပြောသည်။
အမျိုးသား ကန်တော်ကြီးဥယျာဉ်အား ဆေးလိပ်ငွေ့ကင်းစင်သော ဥယျာဉ်အဖြစ် သတ်မှတ်ခြင်း အခမ်းအနားကို အခုလ ၇ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
‘အဓိက က ပြည်သူ့ကျန်းမာရေး အတွက်ပါ။ အမျိုးသား ကန်တော်ကြီးဥယျာဉ်ကို ဆေးလိပ်ငွေ့ကင်းစင်တဲ့ ဥယျာဉ်အဖြစ် သတ်မှတ်ပြီး ပညာပေးလုပ်ငန်းတွေ လုပ်ချင်တယ်ဆိုပြီး ဆက်သွယ်တော့ ကျွန်တော်တို့ဘက်ကလည်း သဘောတူလိုက်တယ်။ လောလောဆယ် ဥယျာဉ်ဂိတ်တွေမှာရော ဆေးလိပ်ငွေ့နဲ့ ပတ်သက်တဲ့ ပညာပေးလုပ်ငန်း တွေစတင်ဆောင်ရွက်နေပြီ’ ဟု Htoo Zoos & Gardens Business Unit ၏ Deputy Managing Director ဦးဝေမျိုးအောင်က ပြောသည်။
ဆေးလိပ်ငွေ့ကင်းစင်သည့် ဥယျာဉ်အဖြစ် သတ်မှတ်ပြီးနောက်ပိုင်း အသိပညာပေးပို စတာများကပ်ခြင်း၊ ဆေးလိပ်မသောက်ရနေရာ သတ်မှတ်ခြင်း၊ လမ်းသွားရင်းဆေးလိပ်သောက်ခွင့် မပြုခြင်း၊ အများပြည်သူ လာရောက်လည်ပတ်မှုများသည့် နေရာများအား ဆေးလိပ်သောက်ခွင့်မပြုခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။
‘သတ်မှတ်တဲ့သဘော အဓိကက အရင်လို လမ်းလျှောက်ပြီး သောက်လို့မရတော့ဘူး ထိုင်သောက်ရတာမျိုးတွေ၊ ဆေးလိပ်သောက်တဲ့နေရာ သတ်မှတ်ပေးလိုက်တယ်။ လုံးဝမသောက်ရဘူးတော့ မဟုတ်ဘူး။ ပြည်သူအများစုရှိတဲ့ နေရာတွေကိုမပေးတော့ဘူး ဥပမာ ငှက်ခြံတွေဆို မပေးတော့ဘူး’ ဟု Htoo Zoos & Gardens Business Unit ၏ Deputy Managing Director ဦးဝေမျိုးအောင်က ပြောသည်။
ပြင်ဦးလွင်မြို့ကို ဆေးလိပ်ငွေ့ ကင်းစင်သောမြို့အဖြစ် ကျန်းမာရေးဝန်ကြီးဌာနက အကောင်ထည်ဖော် ဆောင်ရွက်နေပြီး ပြင်ဦးလွင်မြို့ရှိ အခြေခံပညာကျောင်းများ၊ အားကစားရုံများ၊ အားကစားကွင်းများ၊ လူအများစုဝေးသည့်နေရာများ၊ တက္ကသိုလ်များ၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာများတွင် အသိပညာပေးများ ဆောင်ရွက်နေကြောင်း သိရသည်။
အိမို့မို့ခိုင်
Photo- အမျိုးသားကန်တော်ကြီး ဥယျာဉ်


