နေပြည်တော် ၁၆ စက်တင်ဘာ
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်၍ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက် (မူကြမ်း)အပေါ် အပြီးသတ်သုံးသပ်အကြံပြု ဆွေးနွေးပွဲကျင်းပခဲ့ရာ အဆိုပါ ဆွေးနွေးပွဲသို့ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ UNODCနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ်ဝင်းနိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ စီမံကိန်းဌာနခွဲမှူး ဒုတိယရဲမှူးကြီး ဝင်းမြင့်မှ အမျိုးသား မူးယစ် ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက် (မူကြမ်း)ပြုစုထားရှိမှုနှင့် ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသည့်ကိုယ်စားလှယ်များမှ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်(မူကြမ်း)ပါ အခန်းကဏ္ဍများအလိုက် လိုအပ်သည်များ သုံးသပ်အကြံပြုခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ အပြီးသတ်ဖြည့်စွက်ခြင်း တို့ပြုလုပ်ခဲ့ကြပါသည်။
၎င်းနောက် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ်ဝင်းနိုင်မှ နိဂုံးချုပ်အမှာစကား ပြောကြားပြီးနောက် ၁၆၄၅ အချိန်တွင် ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)


