နေပြည်တော်  ၂၉  နိုဝင်ဘာ

 

အမျိုးသား ပတ်ဝန်းကျင်ရေးရာ ပင်မလုပ်ငန်း အစီအစဉ်နှင့် စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

 

အလုပ်ရုံ ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က အမှာစကားပြောကြားပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၏ဌာနေ ကိုယ်စားလှယ် Mr. Gordon E.Johnson က နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

အလုပ်ရုံ ဆွေးနွေးပွဲတွင် အမျိုးသား ပတ်ဝန်းကျင်ရေးရာ ပင်မလုပ်ငန်းအစီအစဉ် ၏ ရည်မှန်းချက်များ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင် ရေးရာဦးစားပေးကဏ္ဍများနှင့် စီမံအုပ်ချုပ်မှုများ၊ ဦးစားပေး ကဏ္ဍများ၊ ရည်မှန်းချက်များ၊ ညွှန်ကိန်းများ၊ ဦးဆောင်အဖွဲ့အစည်း သတ်မှတ်ခြင်းနှင့် ကာလသတ်မှတ်ခြင်းများ၊ ပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှုနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာတို့ကို တက်ရောက်လာကြသူများက ဆွေးနွေးကြသည်။

 

အမျိုးသားအဆင့် ပတ်ဝန်းကျင်ရေးရာပင်မလုပ်ငန်းအစီအစဉ်ကို ပတ်ဝန်းကျင် ရေးရာ မဟာဗျူဟာ မူဘောင်၏ အဓိကဦးစားပေး လုပ်ငန်းများနှင့် ပတ်ဝန်းကျင်စီမံ အုပ်ချုပ်မှု ဆိုင်ရာလုပ်ငန်းများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရေးဆွဲခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက အမှာစကား ပြောကြားစဉ်ထည့်သွင်းပြောကြားသည်။

 

အဆိုပါ ပင်မလုပ်ငန်းအစီအစဉ်တွင် အမျိုးသားအဆင့် လေထုနှင့်ရေထု အရည် အသွေး စီမံခန့်ခွဲမှု အစီအစဉ်များ၊ ပတ်ဝန်းကျင် စောင့်ကြည့်စစ်ဆေးရေး အစီအစဉ်များ ပါဝင်ပြီး ဇီဝမျိုးစုံမျိုးကွဲ၊ မြေအသုံးချမှု၊ ကမ်းရိုးတန်းဂေဟစနစ်၊ ရေအရင်းအမြစ်နှင့် မြစ်ဝှမ်းများ သန့်ရှင်းကောင်းမွန်စွာ လည်ပတ်ရေးအပြင် စွမ်းအင်၊ စွန့် ပစ်ပစ္စည်းစီမံခန့်ခွဲမှု စသည့် နယ်ပယ်အလိုက် အသေးစိတ် အကောင်အထည် ဖော်ရမည့် အချက်အလက်များကို ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

 

သတင်းစဉ်