နိုင်ငံတစ်နိုင်ငံ၏ အားကစားအောင်မြင်မှုက ထိုနိုင်ငံ၏ လူမှုအဆင့်အတန်းမြင့်မားမှုကို ပြသခြင်းပင် ဖြစ်သည့်အလျောက် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှု မြင့်မြင့်မားမား ရရှိနိုင်ရေးအတွက် နိုင်ငံတိုင်းက ကြိုးပမ်းကြသည်။ မြန်မာနိုင်ငံသည် တစ်ခေတ်တစ်ခါက ဘောလုံးအပါအဝင် အားကစားနည်းအများအပြားတို့တွင် အောင်မြင်မှုများစွာ ရရှိခဲ့ဖူးသည့် မှတ်တမ်းများ ရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် အောင်မြင်မှုတို့ ကြိုးကြားကြိုးကြားမျှသာ တွေ့ခွင့်ရကြတော့သည်။
စင်စစ်အားဖြင့် အားကစားနည်းများအလိုက် ရေရှည်အောင်မြင်မှုရရှိနိုင်ရန်မှာ တစ်ပွဲတိုး၊ တစ်ခဏ ကာလတိုမျှ ဆောင်ရွက်၍မရဘဲ မှန်ကန်သည့် လုပ်ငန်းစဉ်များချမှတ်၍ စဉ်ဆက်မပြတ်၊ တစိုက်မတ်မတ် ဆောင်ရွက်နေရမည်ဖြစ်သည်။ အားကစားလှုပ်ရှားမှုများတွင် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများ စိတ်ဝင်တစားပါဝင်လာစေရန် ဆောင်ရွက်ခြင်း၊ မျိုးဆက်သစ်လူငယ်များ အားကစားတွင် ပါဝင်လာရေးအတွက် အခြေခံပညာကျောင်းများနှင့်တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားမှုနှင့်အတူ အားကစားကိုပါ ပေါင်းစပ်သင်ကြားပေးခြင်း၊ လူထုအားကစားအတွက် ရပ်ကွက်ကျေးရွာအလိုက်၊ မြို့နယ်အလိုက် အားကစားကွင်း၊ အားကစားရုံများ၊ အားကစားပစ္စည်းများ ဖော်ဆောင်ပေးခြင်း၊ အားကစားဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်သည့် အခြေအနေနှင့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရန် ဖန်တီးပေးခြင်း၊ အားကစား ထူးချွန်မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်စေရန် အားကစားပြိုင်ပွဲများ ပုံမှန် ကျင်းပပေးခြင်း စသည်ဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနေရန် လိုအပ်သည်။
အမျိုးသားအားကစားပြိုင်ပွဲများကို အားကစားထူးချွန် မျိုးဆက်သစ်များ ပေါ်ထွက်လာပြီး အရှေ့တောင်အာရှ၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်အထိ အောင်မြင်မှုများ ရရှိနိုင်ရန်ရည်ရွယ်၍ ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ နှစ်ပေါင်း ၃၀ ကျော် ကာလအတွင်း လေးကြိမ်ကျင်းပနိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ်နှင့် ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ် ကျင်းပ ခဲ့ခြင်းဖြစ်ရာ နှစ်နှစ်တစ်ကြိမ် ပုံမှန်ကျင်းပခြင်းဖြင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် အဆင့်မြင့်မြင့် ယှဉ်ပြိုင်ကာ အောင်မြင်မှုမြင့်မြင့်မားမား ရရှိနိုင်ရန်ဟူသော အနီးဆုံးရည်မှန်းချက်မှ စတင်အကောင်အထည်ဖော် သွားရမည်ဖြစ်သည်။
ယခုအခါ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို လာမည့်ဒီဇင်ဘာလအတွင်း ခမ်းခမ်းနားနား၊ စည်စည်ကားကားနှင့် အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီဖြစ်သည်။ အားကစားပွဲတော်၏ ရည်ရွယ်ချက်များမှာ နိုင်ငံတော်၏ အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစား လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်ဟူ၍ဖြစ်ရာ အဆိုပါရည်ရွယ်ချက်များ ပြည့်စုံအောင်မြင် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာန အဆင့်၌ အားကစားနည်း ခြောက်မျိုး၊ ပြည်နယ်နှင့်တိုင်းဒေသ ကြီးအဆင့်တွင် အားကစားနည်း ၂၃ မျိုး ထည့်သွင်းကျင်းပသွား မည်ဖြစ်ရာ ဖွင့်ပွဲပိတ်ပွဲအခမ်းအနားကြီးများ ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနား ကျင်းပနိုင်သည်နှင့်အညီ အားကစားနည်းအလိုက် ပြိုင်ပွဲများတွင်လည်း အရည်အသွေး အဆင့်အတန်းမြင့်မား စည်ကား သိုက်မြိုက်စွာ ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်စုဖွဲ့ လေ့ကျင့်မှုများ အလေးထားအားထုတ် ပြုလုပ်ကြရပါမည့် အကြောင်း။
မြန်မာ့အလင်း