အမျိုးသားအားမာန် နိုးကြားထက်သန်

၃၀ နိုဝင်ဘာ

 

မြန်မာတို့သည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက မိမိတိုင်းပြည်၊ မိမိလူမျိုးနှင့် ချစ်ခင်မြတ်နိုးစွာ အတူတကွ နေထိုင်ခဲ့ကြသူများဖြစ်သည်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ဒေသ၊ ကိုယ့်အရှင်သခင်နှင့် နေထိုင်ရမှ ကျေနပ်နှစ်ခြိုက်ကြသည်။ သူ့တိုင်းပြည်ကိုလည်း မမက်မော၊ ကိုယ့်တိုင်းပြည်ကိုလည်း အထိမခံကြသူများဖြစ်သည်။ ထို့ကြောင့် အမျိုးသားစိတ်ဓာတ် ထက်သန်နိုးကြားသော လူမျိုးများဟု ဆိုရမည်။

 

 

သို့ရာတွင် မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက်သို့ ကျရောက်ပြီး အချိန်အခါမှစ၍ အမျိုးသားစိတ်ဓာတ်များ တစ်စတစ်စပါးလျားလာခဲ့သည်။ တစ်ပါးကျွန်ဖြစ်ရခြင်းသည် ဇာတိသွေး၊ ဇာတိမာန်များ ပြိုလဲခြင်း၊ စည်းလုံးညီညွတ်မှုပျက်ပြားခြင်း၊ အင်အားချည့်နဲ့ခြင်းတို့ကြောင့် ဖြစ်ရသည်။ ကျွန်ပြုသူတို့က ဇာတိသွေး၊ ဇာတိမာန်၊ အမျိုးသားစိတ်ဓာတ်များကိုနည်းအမျိုးမျိုးဖြင့်ရိုက်ချိုး၍ ကျွန်သက်ရှည်အောင် ကြံစည်ကြသည်။

 

 

နည်းပရိယာယ်များမှာ သူ့ကျွန်မခံ တွန်းလှန်သူများ၊ နိုင်ငံရေးစိတ်ဓာတ်နိုးကြားထက်သန်အောင် အားထုတ်သူများကို ပြင်းပြင်းထန်ထန်နှိမ်နင်းခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ပညာသင်ကြားရေးကို ကျဉ်းမြောင်းအောင် ပြုလုပ်ထားခြင်း၊ မက်လုံးပေးခြင်း၊ ရာထူးပေးခြင်း၊ စိတ်ဝမ်းကွဲပြားအောင်ပြုလုပ်ခြင်း၊ သွေးခွဲအုပ်ချုပ်ခြင်းတို့ ဖြစ်သည်။ ထိုပရိယာယ်တို့ကို ကျော်လွှားလွန်မြောက်နိုင်သောအရာမှာ ပညာကို အခြေခံသည့် အမျိုးသားအားမာန် ဖြစ်သည်။

 

 

မှေးမှိန်သွားခဲ့သော မြန်မာတို့၏အမျိုးသားအားမာန်များကို ပြန်လည်နိုးကြားထကြွအောင် ဆောင်ကြဉ်းပေးခဲ့သည်မှာ ပညာဖြစ်သည်။ မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်များ တစ်ခေတ်ဆန်း နိုးထလာခဲ့သော အချိန်ကာလမှာ ၁၉၂၀ ပြည့်နှစ် ဖြစ်သည်။ မတရားဖိနှိပ်ချုပ်ချယ်ထားခဲ့သော ကျွန်ပညာရေးစနစ်ကို အပြီးတိုင်ရိုက်ချိုးနိုင်ခဲ့သည်။ လွတ်လပ်သော အမျိုးသားကျောင်းများ ပေါ်ထွန်းလာခဲ့သည်။

 

 

တရားမျှတမှုမရှိသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကျောင်းသားထုတစ်ရပ်လုံးက သပိတ်မှောက်ခဲ့ကြသည်။ လိုက်လျောမှုမရှိလျှင် ကျောင်းပြန်မတက်ဟု သန္နိဋ္ဌာန်ချဆုံးဖြတ်ခဲ့ကြပြီး တိုက်ပွဲဝင်ခဲ့ရာ အောင်မြင်ခြင်းသို့ရောက်ခဲ့ရသည်။ ပညာရေးမှစတင်သည့် သူ့ကျွန်မခံမှုသည် တစ်တိုင်းတစ်ပြည်လုံး၊ ပြည်သူတစ်ရပ်လုံး အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်နိုးကြားလာတော့သည်။ ထိုကဲ့သို့ နိုးကြားလာသောအမျိုးသားစိတ်ဓာတ်သည် လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ချူနိုင်သည့်မျိုးစေ့ဖြစ်သည်။

 

 

နိုင်ငံတိုင်း နိုင်ငံတိုင်း၊ လူမျိုးတိုင်း လူမျိုးတိုင်းတွင် အမျိုးသားစိတ်ဓာတ်များရှိကြသည်။ ထိုအမျိုးသားစိတ်ဓာတ်များ ရှိနေသောကြောင့် လွတ်လပ်သောနိုင်ငံအဖြစ် တည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်။ အမျိုးသားစိတ်ဓာတ်သည် ကိုယ်ခံအားကဲ့သို့ဖြစ်သည်။ ကိုယ်ခံအားကောင်းနေသော လူတစ်ယောက်ကို မည်သည့်ရောဂါပိုးမျှ ဝင်ရောက်ရန်မလွယ်ကူ၊ ရောဂါပိုးဝင်ရောက်သော်လည်း မထြွက၊ မသောင်းကျန်းနိုင်။ ထိုသူသည်ကျန်းကျန်းမာမာဖြင့် အရာရာကိုစွမ်းဆောင်နိုင်ပြီး အောင်မြင်မှုကို ရယူနိုင်သည်။

 

 

ကိုယ်ခံအားနည်းသော လူတစ်ယောက်အား ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်သည်။ ထိုလူတွင် ရောဂါပိုးများ တစ်စတစ်စဝင်ရောက် စွဲကပ်ခိုင်မာလာသောအခါ နာလန်မထူ အန်မတုနိုင်တော့ဘဲ ဗုန်းဗုန်းလဲကျပျက်စီးသေဆုံးခြင်းဘဝသို့ပင် ရောက်ရသည်။ ရောဂါပိုးများမဝင်ရောက်နိုင်ရေးအတွက် မိမိကိုယ်ကို ကျန်းမာကြံ့ခိုင်အောင် ပြုပြင်စီရင်နေထိုင်ရသကဲ့သို့ တစ်တိုင်းပြည်လုံးယိုင်နဲ့ ပြိုလဲမသွားစေရန်လူတိုင်း လူတိုင်း အမျိုးသားစိတ်ဓာတ်များ ခိုင်မာအားကောင်းအောင်မွေးမြူကြရမည်။ ကြိုးပမ်းအားထုတ်ကြရမည်။ 

 

သို့ဖြစ်ရာ မျက်မှောက်ကာလ နိုင်ငံ့အခြေအနေကို မျက်ခြည်မပြတ်ကြည့်ရှုထားရမည်။ နိုင်ငံ့သမိုင်းကြောင်းကိုလည်း သိရှိနားလည်ထားရမည်။ အမျိုးသားစိတ်ဓာတ်အားကောင်းပါက မည်သည့်ပြည်တွင်း၊ ပြည်ပ ပယောဂမျှ ဝင်ရောက်နိုင်ခြင်းမရှိ။ ဝင်ရောက်ပါကလည်း အလွယ်တကူ ဖယ်ရှားနိုင်သည်ကို မျက်ခြည်မပြတ်ဆင်ခြင်ပြီး အမျိုးသားစိတ်ဓာတ်နိုးကြား ထက်သန်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါကြောင်း။ ကြေးမုံ