နေပြည်တော်  ၂၂  ဇူလိုင်

အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများသင်တန်း (၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

7

 

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိုင်ငံတော်အနေနဲ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အဖက်ဖက်မှ ကူညီထောက်ပံ့ပေးနေသော အချိန်အခါကောင်းလည်း ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ချမှတ်ပေးထားတဲ့ အိုလံပစ်အတွေးအခေါ်၊ ယဉ်ကျေးမှု၊ ပညာပေးမှုဆိုင်ရာ အိုလံပစ်အသိပညာ ခံယူချက်များကို အခြေခံကစပြီး သိရှိနားလည် သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ တိုးတက်ပြောင်းလဲနေသော ခေတ်မီအားကစားဆိုင်ရာ စီမံခန့်ခွဲရေး ပညာရပ်များကို အချိန်နှင့်တပြေးညီ လေ့လာဆည်းပူးကြရန် လိုအပ်ပါကြောင်း၊ အမျိုးသား အားကစားအဆင့် တိုးတက်မြင့်မားရေး လုပ်ငန်းများတွင် ခေတ်မီသိပ္ပံနည်းကျ အားကစားနည်းစနစ်၊ နည်းဗျူဟာများ၊ ကျွမ်းကျင်သော အားကစားသမား၊ အားကစားနည်းပြ၊ နည်းစနစ်မှူး၊ အားကစားဆိုင်ရာ အုပ်ချုပ်စီမံခန့်ခွဲသူများ၊ မျိုးဆက်သစ် အားကစားသမားများ၊ အရည်အချင်းပြည့်ဝသော ဒိုင်လူကြီးများ လေ့ကျင့်ပျိုးထောင်ရေး လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် အားကစားအသိပညာ၊ အတတ်ပညာများနှင့် မိမိတို့တွင်ရှိသော အတွေ့အကြုံကောင်းများ ပေါင်းစပ်ပြီး မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ် သွေးစည်းညီညွတ်မှု အစီအစဉ်နှင့် ဖွင့်လှစ်သွားမည့် အမျိုးသားအဆင့် အားကစား စီမံခန့်ခွဲသူများသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်မှ အကူအညီပေးခဲ့ကြသော သင်တန်းတာဝန်ခံများနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အိုလံပစ်ကော်မတီ အဖွဲ့ဝင်များ၊ သင်ခန်းစာပို့ချမည့် ဆရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား (၁၈) ဦး၊ သင်တန်းသူ (၂၂) ဦး စုစုပေါင်း (၄၀) ဦးကို ဇူလိုင် ၂၂ ရက်မှ ၂၆ ရက်အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

MDN