နေပြည်တော် ၂၀ အောက်တိုဘာ
အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် Online မှ Virtual Format စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် မဟာဗျူဟာရေးဆွဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာတစ်ရပ် နိုင်ငံတော်တွင် လိုအပ်သည့်အကြောင်းနှင့် မဟာဗျူဟာရေးဆွဲရာတွင် အလေးအနက်ထားစဉ်းစားသင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေး၍ အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မဟာဗျူဟာရေးဆွဲရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက မဟာဗျူဟာရေးဆွဲရေး ဦးဆောင်ကော်မတီအတွက် နိုင်ငံတော်သမ္မတရုံး၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အရပ်ဖက်အဖွဲ့အစည်းများ အထောက်အကူပြုလုပ်ငန်းကော်မတီနှင့် နည်းပညာဆိုင်ရာ အထောက်အကူပြု အဖွဲ့တို့ကို ဖွဲ့စည်းရေးကိစ္စနှင့် အဖွဲ့ဝင်များအတွက် စံနှုန်းသတ်မှတ်ချက်များ အတည်ပြုပေးရေးကိစ္စတို့ကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ မဟာဗျူဟာရေးဆွဲရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးက အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံ သဘောတရား (၈)ချက်၊ အိမ်နီးချင်းနိုင်ငံအချို့၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာများအပေါ် ရှင်းလင်းဆွေးနွေးပြီး ဖြန့်ဝေပေးထားသော မြန်မာနိုင်ငံ အမျိုးသားအဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာ(ပုံကြမ်း)နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဦးဆောင်ကော်မတီ အဖွဲ့ဝင်များက အထောက်အကူပြု လုပ်ငန်းကော်မတီ(၂)ရပ်နှင့် နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့များ လျာထားဖွဲ့စည်းခြင်း၊ စံသတ်မှတ်ချက်(Criteria)များအပေါ် ဆွေးနွေးအတည်ပြုခြင်းနှင့် မဟာဗျူဟာ(ပုံကြမ်း) ရေးဆွဲရေးတို့အပေါ် ဖြည့်စွက်ဆွေးနွေးကြသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပုဂ္ဂလိက ကဏ္ဍနှင့် အရပ်ဖက်အဖွဲ့အစည်းများ အထောက်အကူပြုလုပ်ငန်းကော်မတီ ဖွဲ့စည်းရာတွင် စံသတ်မှတ်ချက် (Criteria)များနှင့်အညီ ပါဝင်နိုင်ရန် ကျယ်ပြန့်စွာ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများအတွက် လုပ်ငန်းတာဝန်များ (ToR) ကို ဆက်လက်ရေးဆွဲသွားမည် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် ဦးဆောင်ကော်မတီ အစည်းအဝေး၌ အဆုံးအဖြတ်ရယူသွားမည်ဖြစ်ကြောင်းနှင့် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့သည့်အတွက် ဦးဆောင်ကော်မတီအဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
သတင်းစဉ်


