ရန်ကုန်၊ မေ ၁၃

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် အလုပ်သမားရေးရာ ဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီ (ACC) နှင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံသတ်မှတ်ရေး ကော်မတီဝင်များ၊ UMFCCI မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ NSSA အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲဖြတ်သူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး လုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ မေ ရက်အထိ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန (၂၆၃) ခု၊ စစ်ဆေးအကဲဖြတ်သူ (၈၃၈) ဦး၊ စစ်ဆေးရေးမှူး (၁၀၂) ဦးကို အသိအမှတ်ပြုခဲ့ပြီး အလုပ်အကိုင် (၅၂) မျိုးတွင် ဖြေဆိုသူ (၂၈,၅၈၄) ဦး ဖြေဆိုခဲ့မှုအနက် (၂၆,၂၂၃) ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း။

ဧပြီတွင် ဖြေဆိုသူ (၇၀) ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး မေတွင်ဖြေဆိုသူ (၂၀၄) ဦးကို စစ်ဆေး အကဲဖြတ်မည်ဖြစ်ကြောင်း၊ အဆိုပြုစာရင်း တင်ပြပြီးသော လုပ်ငန်းကဏ္ဍများ၊ ကော်မတီများအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အစောပိုင်းကာလ ပထမ () လပတ် အတွင်း စစ်ဆေးအကဲဖြတ်မှုကို တွန်းအားပေးဆောင်ရွက်ရန်လိုကြောင်း၊ စစ်ဆေးအကဲဖြတ်ရေး လျာထားချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ရန် လုပ်ငန်းရှင်များ၊ Assessment Center များ၊ Chief Assessor နှင့် Assessor များအားလုံး ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ အလုပ်အကိုင် (၁၄) မျိုးအတွက် ကျွမ်းကျင်လုပ်သား (၆၃၁) ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  UMFCCI အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဂဟေ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ ကိုယ်စားလှယ်များက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူများ၊ သက်ဆိုင်ရာနိုင်ငံအလိုက် ခေါင်းဆောင်များ၊ ထိုင်းလိုင်စင်ရ အေဂျင်စီများနှင့် တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စနစ်တကျဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နိုင်ရေးနှင့် ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် ဆွေးနွေးပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ထက်ဦးသင်တန်းကျောင်း (ရန်ကုန်) စစ်ဆေးအကဲဖြတ်ရေးဌာန၌ ကြွေပြားကပ်အဆင့် () အလုပ်အကိုင်အတွက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်နေမှုကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်