ရန်ကုန်  စက်တင်ဘာ  ၂၀

 

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ ကျင်းပ ပြုလုပ်သည်။

 

အခမ်းအနားသို့  အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC)နှင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ”သတ်မှတ်ရေးကော်မတီဝင်များ၊ UMFCCI၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ NSSA အသိအမှတ်ပြု လက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲဖြတ်သူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ် စက်တာဘာ ၁၆ ရက်အထိ (၂၉,၆၈၇) ဦးဖြေဆိုခဲ့ပြီး သတ်မှတ်အရည်အချင်းကိုက်ညီသူ (၂၇,၂၅၀) ဦးရှိပြီး ယနေ့အထိ လုပ်သား (၂၆,၈၉၉)ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီး ဖြစ်ပြီး ကျန်ရှိလုပ်သား (၃၅၁)ဦးအတွက် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များပေးနိုင်ရေး စီမံထားပြီးဖြစ်ကြောင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် ကာယကံရှင်၊ အလုပ်ရှင်၊ အလုပ်ဌာနနှင့် နိုင်ငံတော်အတွက် များစွာအထောက်အပံ့ဖြစ်စေပြီး ကုန်ထုတ် စွမ်းအားတိုးမြှင့်ရေးအတွက် အဓိကမောင်းနှင်အားဖြစ် ကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၊ UMFCCI၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အပါအဝင် ညီနောင်အသင်းများမှ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ အနောက်ပိုင်းမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ Tri-Win Leather Myanmar Co.,Ltd အိတ်ချုပ်စက်ရုံ၊ San Yuan (Myanmar) Apparel MFG Co.,Ltd အထည်ချုပ်စက်ရုံနှင့် လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် စက်မှုဇုန် (၄)ရှိ KBL Fashion နှင့် Hunter Textile Co.,Ltd အထည်ချုပ် စက်ရုံများသို့သွားရောက်၍ လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုပြီး အဆိုပါစက်ရုံများမှ တာဝန် ရှိသူများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီးက CMP လုပ်ငန်းသာမက  အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည့် SME လုပ်ငန်းများကို ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ခွင့်ပြုပေးလျက်ရှိရာ သက်ဆိုင်ရာဦးစီးဌာန များ၏ စနစ်တကျ စည်းကြပ်ဆောင်ရွက်ပေးမှုကို အလေးထားလိုက်နာ၍ စက်ရုံရှိ စက်ရုံအလုပ်သမား အဖွဲ့အစည်း၊  အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီတို့သည် အလုပ်ရှင်နှင့် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် အပြန်အလှန် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်စဉ်)