ရန်ကုန် ဖေဖော်ဝါရီ ၁၈

 

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေး အပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပသည်။

 

ဦးစွာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အလုပ်အကိုင် အမျိုးအစား ၇၁ မျိုးအတွက် ကျွမ်းကျင်မှုစံ ၁၀၄ မျိုး အတည်ပြုပြဋ္ဌာန်းထားပြီး ၃၁၄၅၈ ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ကြောင်း၊ ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ အလုပ်အကိုင်နှစ်မျိုးအတွက် ကျွမ်းကျင်လုပ်သား ၇၈ ဦးကို အမျိုးသားအဆင့်အလုပ် အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ UMFCCI အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။

 

မွန်းလွဲပိုင်းတွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ အထည်ချုပ်စက်ရုံများနှင့် ဖိနပ်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး အလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားကာ စက်ရုံအတွင်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်