ရန်ကုန် ၂  သြဂုတ် 


ပညာရေး အရည်အသွေး မြင့်မားရန်အတွက် ဆရာများ၏ အရည်အသွေးသည် အရေးကြီးကြောင်း၊  ဆရာများကို အရည်အသွေးမြင့်ရန်အတွက်  ဆရာများ၏ ဘဝတစ်သက်တာ သင်ယူမှု အခွင့်အလမ်းများပေးရန် အဓိကလိုအပ်ကြောင်းဖြင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။
 

ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ပင်လုံခန်းမ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံရှိ ကျောင်းအုပ်ကြီးများနှင့် လုပ်ငန်းခွင်မှဆရာများ၏ တန်းတူညီမျှသော အရည်အသွေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမျိုးသားအဆင့် အညွှန်းမူဘောင် အဆိုပြုရေးဆွဲရေး အမျိုးသားမူဝါဒနှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)တွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။


ထို့နောက် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. June Kunugi  က နှုတ်ခွန်းဆက်စကား ပြောကြားပြီး   UNICEF မှ လုပ်ငန်းခွင်ဆရာ ဆရာမများ၏ စဉ်ဆက်မပြတ် အရည်အသွေးမြှင့်တင်ရေး အစီအစဉ်  (Continuous  Professional Development - CPD) ၏ နိုင်ငံတကာ အတိုင်ပင်ခံ   James Jennings က နိုင်ငံတကာတွင် ဆရာများ၏ အရည်အသွေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု CPD ကို ရှင်းလင်း ပြောကြားသည်။


ဆက်လက်၍ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာတင်မောင်ဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီနှင့် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာ အောင်မင်း တို့က လုပ်ငန်းခွင်ဆရာ ဆရာမများ၏ စဉ်ဆက်မပြတ် အရည်အသွေး မြှင့်တင်ရေးအစီအစဉ်  (Continuous  Professional Development - CPD)တို့နှင့် စပ်လျဉ်း၍ အနှစ်ချုပ် ဆွေးနွေးကြသည်။


ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်များမှ ပညာရေးမြှင့်တင်မှုကော်မတီဝင်များ၊ ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်များမှ ဆရာကြီး ဆရာမကြီးများ၊ Teacher Task Force မှ အငြိမ်းစား ဆရာ ဆရာမကြီးများ၊  ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနများမှ ဆရာ ဆရာမများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက အခြေခံပညာမူလတန်းကျောင်းများရှိ သင်တန်းမရှိသေးသော ဆရာများအတွက် စဉ်ဆက်မပြတ် အရည်အသွေး မြှင့်တင်ရေး အစီအစဉ်၊ မူလတန်းဆင့်ကျောင်းများရှိ ဆရာများအားလုံးအတွက် စဉ်ဆက်မပြတ် အရည်အသွေးမြှင့်တင်ရေး အစီအစဉ်၊ အခြေခံ ပညာအထက်တန်း၊ အလယ်တန်းဆင့်ကျောင်းများရှိ ဆရာများအတွက် စဉ်ဆက်မပြတ် အရည်အသွေး မြှင့်တင်ရေး အစီအစဉ်၊ အခြေခံပညာကျောင်းအုပ်ကြီးများအတွက် စဉ်ဆက်မပြတ် အရည်အသွေးမြှင့်တင်ရေးအစီအစဉ်များ ခေါင်းစဉ်များဖြင့် အဖွဲ့လိုက် ဆွေးနွေးကြသည်။ 


သတင်း - ရီရီမြင့်
ဓာတ်ပုံ - လှမိုး