စေတနာ့ဝန်ထမ်း (Volunteer) ဆိုသည်မှာ မိမိ၏အချိန်၊ မိမိ၏လုပ်အား၊ မိမိ၏ကျွမ်းကျင်မှု၊ မိမိ၏အကြံဉာဏ် စသည်တို့ကို အခကြေးငွေမယူဘဲ အများအကျိုးပြုလုပ်ငန်းစဉ်တွင် သတ်မှတ်အချိန်ကာလအပြည့် တစ်ဦးချင်း အနေဖြင့် ဆန္ဒအရပါဝင်ကြသူများကို ဆိုပါသည်။ မြန်မာနိုင်ငံတွင် ကိုယ်ကျိုးမဖက် အများအကျိုးကို စေတနာ့ ဝန်ထမ်းဆောင်ရွက်နေသည့် ပရဟိတအသင်းများ၊ ပရဟိတသမားများ အမြောက်အမြားရှိပါသည်။
အခြားနိုင်ငံများနှင့်နှိုင်းစာလျှင် မြန်မာနိုင်ငံတွင် စေတနာ့ဝန်ထမ်း ပရဟိတလုပ်ငန်းဆောင်ရွက်ကြသူများ ပိုများ ပါသည်။ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ကိုယ်ကျိုးမဖက် အများအကျိုးအတွက် အနစ်နာခံဆောင်ရွက် နိုင်ကြမှုများအတွက် ဂုဏ်ယူဝမ်းမြောက်မိသလို ကျေးဇူးတင်ကြိုဆိုကြပါသည်။ ပြည်သူလူထု ဘေးဒုက္ခအခက် အခဲအမျိုးမျိုးတို့အတွက် မိမိတို့ တတ်နိုင်သည့်ဘက်မှ အမျိုးမျိုးအဖုံဖုံဆောင်ရွက်ပေးမှုများကို အသိအမှတ်ပြုကြ ရပါသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကိုထိန်းချုပ်ရာတွင် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာအဆောက်အုံများတွင်ထားရှိပြီး အသွားအလော ကန့်သတ်ခြင်း အစီအစဉ်များဆောင်ရွက်ရန် လိုအပ်နေပါသည်။ ရောဂါပိုးကူးစက်သူများနှင့် အနီးကပ်ထိတွေ့ ခဲ့သူများ၊ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများသည် အသွားအလာကန့်သတ်ခြင်း အစီအစဉ်တွင် ပါဝင် ရမည့်သူများ ဖြစ်ပါသည်။
ထိုလုပ်ငန်းစဉ်တွင် ပါဝင်ရမည့်သူများအတွက် လိုအပ်သော စောင့်ရှောက်ကူညီမှုများကို စနစ်တကျလေ့ကျင့်ထား သော စေတနာ့ဝန်ထမ်း (Volunteer) များဖြင့် ပံ့ပိုးကူညီပေးကြရမည် ဖြစ်ပါသည်။ အစီအစဉ်တွင် သတ်မှတ်လုပ်ငန်း စဉ်နှင့် သတ်မှတ်ကာလအရ ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်း (Volunteer)များသည်မိမိဒေသရှိ အသွားအလာ ကန့်သတ် ထားသည့်နေရာများတွင် လိုအပ်ချက်အလိုက်၊ မိမိပါဝင်ဆောင်ရွက်နိုင်သည့် အတိုင်းအတာအလိုက် အတွင်းစည်း သို့မဟုတ် အပြင်စည်းများတွင် နေ့စဉ် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည် ဖြစ်ပါသည်။
ယခုအခါ နိုင်ငံသားများ ပြည်ပမှ ပြန်လည်ဝင်ရောက်လာနေကြပြီ။ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် လိုသူများနှင့် စေတနာ့ဝန်ထမ်း များအား လေ့ကျင့်သင်ကြားပေးမည့် စေတနာ့ဝန်ထမ်းဆရာဝန်များကို အွန်လိုင်းမှ တစ်ဆင့်ခေါ်ယူခဲ့ရာ ရည်မှန်းထားသည့်အတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်သည်။ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများနှင့် အိမ်နီးချင်းနိုင်ငံများ တွင် အလုပ်လုပ်နေသူများအား စနစ်တကျလက်ခံဆောင်ရွက်ပေးနေပြီဖြစ်သည်။ ပြန်လည်ဝင်ရောက်လာသူများကို ကန့်သတ်နေရာများတွင် စနစ်တကျထားရှိနိုင်မှသာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ လက်ရှိအနေအထားအတိုင်း ဆက်လက် ထိန်းချုပ်ထားနိုင်မည် ဖြစ်သည်။
ထို့ကြောင့် သတ်မှတ်ထားသည့်ကန့်သတ်နေရာများတွင် စနစ်တကျ ဆောင်ရွက်ရေး အရေးကြီးသောလုပ်ငန်းစဉ် တွင် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ ယခုအခါ မိုးရာသီသို့ရောက်ရှိလာတော့မည်ဖြစ်ရာ မိုးရာသီကာလ တွင် ဖြစ်ပွားလေ့ရှိသော ရောဂါများကိုပါ ကြိုတင်ကာကွယ်ရမည်ဖြစ်သည်။ ကူးစက်ရောဂါများ ပိုမိုမကျယ်ပြန့်ရေး အတွက် ကျန်းမာရေး ဝန်ထမ်းများဖြင့် မလုံလောက်ဘဲ စေတနာ့ဝန်ထမ်း (Volunteer) များပါ ပါဝင်ကူညီ ဆောင်ရွက်ပေးခြင်း ဖြင့် လုပ်ငန်းစဉ်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။
ထိုလုပ်ငန်းအစီအစဉ်သည်လက်ရှိအချိန်တွင် အလွန်အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်၍ စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများက ပူးပေါင်းလက်တွဲဆောင်ရွက်ပေးကြမည် ဖြစ်သည်။ စေတနာ့ဝန်ထမ်းများအား နေထိုင် စားသောက် လုပ်ကိုင်ဆောင်ရွက်မှုမှအစ အနားယူအပန်းဖြေနိုင်ရေးတို့ကိုပါ စီစဉ်ဆောင်ရွက်ပေးထားမည်ဟု သိရသည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကိုထိန်းချုပ်ရာတွင် ယခုအစီအစဉ်သည် သီးခြားအထူးအစီအစဉ် ဖြစ်သည်။ ရောဂါပိုးကူးစက်သူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ၊ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူ များအား စေတနာ့ဝန်ထမ်း (Volunteer) များနှင့် လက်တွဲဆောင်ရွက် ကြခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ပြီး ပြည်သူများ လက်ရှိ ကြုံတွေ့နေရသည့် ဒုက္ခအခက်အခဲအပေါင်းမှ လျော့နည်းပပျောက်သွားနိုင်မည် ဖြစ်ပါကြောင်း။