နေပြည်တော် ၃၀ အောက်တိုဘာ

အမျိုးသားအဆင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေးလုပ်ငန်းစဉ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါရေးဆွဲရေး ဦးဆောင်ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမျိုးသားအဆင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်သည် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို လက်တွေ့ကျက ျဖော်ဆောင်ပေးရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(UNCRC) အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခုနှစ်မှစတင် ရေးဆွဲပြဋ္ဌာန်းခဲ့ပါကြောင်း၊ မိမိတို့ အစိုးရလက်ထက်တွင် ကလေးသူငယ်များ၏ အခွင့်အရေးကို ဖော်ဆောင်ပေးရာ၌ UNCRC စံချိန်စံနှုန်းများ၊ ပြောင်းလဲလာသော ခေတ်စနစ်များနှင့်ကိုက်ညီအောင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပေဒ(၂၀၁၉)ကို အသစ်ရေးဆွဲ ပြဋ္ဌာန်းပေးခဲ့ကြောင်း၊ ကလေးသူငယ်များ မဖြစ်မနေရရှိမည့် အခွင့်အရေး (၄)မျိုးဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် လူမှုအသိုက်အဝန်းအတွင်း ပါဝင်ဆောင်ရွက်ခွင့်တို့ကို ဖော်ဆောင်ပေးရန်ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်သည့် မူဝါဒဖြစ်အောင် ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF)မှ ဌာနေကိုယ်စားလှယ် Ms June Kunigi က အမှာစကားပြောကြားသည်။

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေးနှင့် ဥပဒေတို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက မူဝါဒရေးဆွဲရေး နှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးခြင်းနှင့် အကြံပြု ခြင်းများကို ဆောင်ရွက်ကြသည်။

(သတင်းစဉ်)