နေပြည်တော် ဖေဖော်ဝါရီ ၂၁
အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ-၂ ၌ ကျင်းပသည်။
အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်မှာ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချော မွေ့စေရေးကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့များ၏ တိုးတက်ဖြစ်ပေါ်မှု ၊ လက်ရှိအကောင် အထည်ဖော်ဆောင်ရွက်နေမှုကို စိစစ်သုံးသပ်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးညွန့်အောင်က ကော်မတီကို ပြန်လည်ဖွဲ့စည်းပြီး (၆) လအတွင်း ဆောင်ရွက်ချက်များမှာ ယခင်ထက်တိုးတက်မှုများရှိခဲ့ ကြောင်း၊ အသိပေးအကြောင်းကြားစာများကို လုပ်ငန်းအဖွဲ့များအနေဖြင့် အချိန်မီပေး ပို့နိုင်ခဲ့ ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဆက်လက်ကြိုးပမ်း၍ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက်အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆောင်ရွက်ပြီးစီးမှု ရာခိုင်နှုန်းကို ပိုမိုတိုးမြှင့်နိုင်ရေး အချို့သော Category များအား ပြောင်းရွှေ့ခြင်း၊ အကောင် အထည်ဖော်မည့်ရက် ရှေ့တိုးသတ်မှတ်ခြင်းတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် အလား အလာအား ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိူးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ ပူးတွဲဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ကော်မတီနှင့် လုပ်ငန်း အဖွဲ့များ၏ နှစ်အလိုက် ဆောင်ရွက်မှုအခြေအနေများနှင့် အတွေ့အကြုံများ ကိုအခြေခံ၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန်၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့များမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အပိုင်းအလိုက် (အာတီကယ်အလိုက်) ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် တစိုက်မတ်မတ်ကြိုးပမ်းဆောင် ရွက်သွားရန်၊ ပုံမှန်အားဖြင့်သတ်မှတ်အချိန်ဇယားအတိုင်း အသိပေးအကြောင်းကြားရသည့် ကိစ္စရပ်များ (Notification) နှင့်ပတ်သက်၍ ရာနှုန်းပြည့်ဆောင်ရွက်နိုင်သည့် အခြေအနေကို တွေ့ရှိရ ကြောင်းနှင့် ဆက်လက်၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအလိုက် ဆောလျင်စွာ ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အားစိုက်လုပ်ကိုင်သွား ရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က (၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုကို အစီရင်ခံတင်ပြသည်။
ဆက်လက်၍ ကော်မတီအောက်တွင် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့ (၄) ဖွဲ့ ဖြစ်သည့် ဆက်သွယ်ဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာရှိမှုဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော်ရေးအဖွဲ့၊ ပြတင်းတစ်ပေါက်စနစ်ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၊ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု လုပ်ငန်းများအကောင်အထည်ဖော်ရေးအဖွဲ့၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော်ရေးအဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Individual Agency Programme ဆိုင်ရာ လုပ်ငန်းအဖွဲ့တို့မှ တာဝန်ရှိသူများက လုပ်ငန်းအဖွဲ့အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု ကို အသေးစိတ်ရှင်းလင်းတင်ပြ ဆွေးနွေးသည်။ ယင်းနောက် အမျိုး သားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ အတွင်းရေးမှူးရုံးအ ဖွဲ့က (၆) လ အတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေအား ဆွေးနွေးတင်ပြသည်။
အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင် ဆောင်ရွက်ပြီးစီးမှုကို မှတ်တမ်းတင်အတည်ပြုခြင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်သည်။ အစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်