နေပြည်တော်၊ ဇန်နဝါရီ ၁၉
အမျိုးသားအဆင့်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ(၂) ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကော်မတီပူးတွဲဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းမင်းက နည်းပညာနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိသည့် လုပ်ငန်းအမျိုးအစား (Category-C) အောက်ရှိ အစီအမံများအတွက် နည်းပညာအထောက်အပံ့ ရရှိနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လိုအပ်သလိုချိတ်ဆက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင်လုပ်ငန်းအမျိုးအစား (Category-B) အောက်ရှိ အစီအမံများနှင့်ပတ်သက်၍လည်း သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များအနေဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပူးတွဲဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက်ပါ အစီအမံများကို ဆောင်ရွက်ရာတွင် ကော်မတီအဖွဲ့ဝင်ဌာနများအချင်းချင်း ချိတ်ဆက် ဆောင်ရွက်သွားရန်နှင့် ဖြေလျှော့ရမည့်ကိစ္စရပ်များကို ဖြေလျှော့သွားရန်၊ ကုန်သွယ်ဖက်နိုင်ငံများ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာထိ ချိတ်ဆက်ဆောင်ရွက်ကြရန်ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကော်မတီ အတွင်းရေးမှူးက ယခင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုတင်ပြပြီး သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များက လုပ်ငန်းအဖွဲ့အလိုက် တာဝန်ယူဆောင်ရွက်သည့် အစီအမံများအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ ဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌနှင့် ပူးတွဲဥက္ကဋ္ဌတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်