ကျောက်တံခါး ၁၂ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကံကလေးကျေးရွာအုပ်စု၊ ကံကလေးကျေးရွာ၌ အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျုဟာစီမံချက်ဟောပြောပွဲကို ဇန်နဝါရီ ၁၂ ရက် နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျောက်တံခါးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးပြေငြိမ်းက အမျိုးသားအဆင့်မှုခင်း ကြိုတင်ကာကွယ်ရေး မဟာဗျုဟာစီမံချက်အရ မှုခင်းများ မဖြစ်ပွားစေရေးအတွက် ကြိုတင် ကာကွယ်မှုများ ဖမ်းဆီးရမိနိုင်ရေး ပြည်သူလူထုမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရပ်ကွက်အတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်းနှင့် ရပ်ကွက် ကျေးရွာအုပ်စုအတွင်းရှိ အုပ်ချုပ်ရေးမှူးများ ရာအိမ်မှူး ဆယ်အိမ်မှူးများမှလည်း မှုခင်းများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ဖမ်းဆီးရမိရေးတွင် အရေးပါသူများဖြစ်၍ ရဲတပ်ဖွဲ့များနှင့် အတူ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ရွာသူရွာသားများက မှုခင်းကိစ္စနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မေးမြန်းဆွေးနွေးချက်များကို စခန်းမှုး ဒုရဲမှူးပြေငြိမ်းက ပြန်လည်ဖြေကြား ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)