အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှေးဦးအရွယ် ကလေးသူငယ်ဘဝ ဖြစ်သော မွေးကင်းစမှ အသက်(၈)နှစ်အရွယ် ကလေးများ၏ ကျန်းမာရေး၊ အာဟာရပြည့်ဝစွာ ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိစေရေး၊ မူလတန်းကြိုနှင့် မူလတန်းပညာရေးတို့တွင် အသက်အရွယ်အလိုက် ရရှိရေးကို နယ်ပယ်အသီးသီး ကဏ္ဍပေါင်းစုံက ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို (၂၀၁၄) ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေကို (၂၀၁၅)ခုနှစ်တွင် အတည်ပြုခဲ့ကြောင်း၊ ယနေ့အစည်းအဝေးတွင် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (၅)နှစ် မဟာဗျူဟာ(၂၀၁၈ - ၂၀၂၂) ကို ဆွေးနွေးညှိနှိုင်းအတည်ပြုပေးနိုင်ရန်ဖြစ်ကြောင်း၊ မဟာဗျူဟာ(၁၀)ရပ် ပြဌာန်းထားရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ UNICEF အပါအဝင် နိုင်ငံတကာအဖွဲ့အစည်များ၊ ဖွံ့ဖြိုးမှု မိတ်ဘက်ဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းများ ပြုလုပ်သွားရန် ဖြစ်ကြောင်း၊ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ပြန်ကြား၊ ဆက်သွယ်၊ ပညာပေးခြင်းစနစ်များကို ထူထောင်သွားရမည်ဖြစ်ကြောင်း၊ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွင် ဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် မသန်စွမ်းမှုအခြေအနေ များကို တိကျစွာတိုင်းတာ ဖော်ထုတ်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာဝန်ဆောင်မှုများ ( Early Childhood Intervention, ECI) ကို တိုင်းဒေသကြီး/ ပြည်နယ်(၄)ခုတွင် စတင်စမ်းသပ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစမ်းစမ်းအေးက လက်ရှိ ဆောင်ရွက်လျက်ရှိသော အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းကော်မတီဖွဲ့စည်းနိုင်ရေး၊ ပထမငါးနှစ် မဟာဗျူဟာအတည်ပြုနိုင်ရေး၊ အမျိုးသားအဆင့် ဆွေးနွေးပွဲ ကျင်းပမည့်ရက် သတ်မှတ်အတည်ပြုနိုင်ရေးတို့နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် မိတ်ဘက် အဖွဲ့အစည်းများ တက်ရောက်ကြသည်။
(သတင်းစဉ်)