နေပြည်တော် ဇန်နဝါရီ ၈
အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအခြေအနေ လွှမ်းခြုံမှုနှင့် ပတ်သက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အသက် (၆) လမှ (၈) နှစ် အရွယ်အထိ ၃၅ ဒသမ ၂၄ ရာခိုင်နှုန်း ရှိကြောင်း၊ ၎င်းတို့အနက် အသက် (၃) နှစ်မှ (၅) နှစ် အထိ ၂၂ ဒသမ ၄၄ ရာခိုင်နှုန်းရှိပြီး အသက် (၆)နှစ်မှ (၈)နှစ်အထိ ၈၃ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မြို့နယ်တစ်မြို့နယ်တွင် စံပြမူလတန်းကြို ကျောင်းတစ်ကျောင်း ရှိရန်လိုအပ်သောကြောင့် ဆောက်လုပ်ရန် စီမံကိန်းကို ထည့်သွင်းရေးဆွဲထားကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့၏ “ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ”ကို အတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီး ရန်ပုံငွေထိန်းသိမ်းရေး နှင့် စီမံခန့်ခွဲရေးအဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့် ကောက်ခံရမည့် အခကြေးငွေများအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်ရေး အဖွဲ့များအနေဖြင့်လည်း ထုတ်ပြန်ထားပြီးဖြစ်သည့် ဘဏ္ဍာရေး လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် အဖွဲ့ဝင်များက ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာများကို လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဝန်ထမ်း ဦးစီးမှူးများကိုယ်စား လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးက နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကလေးသူငယ်ဖွံ့ဖြိုးရေးကဏ္ဍ ဆောင်ရွက်နေမှုများကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


