ရန်ကုန် ၂၇ ဒီဇင်ဘာ

 

အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ရေမိခင်များအဖွဲ့နာယက ဒေါက်တာရွှေလွှမ်းတို့သည် ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကျောင်းလမ်းရှိ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီရုံးချုပ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှု ဗဟိုဌာန (Hydro Informatics Center-HIC) အဆောက်အဦ ရတနာပန္နက် တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။

 

896

 

ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအဖွဲ့ဝင်များ၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ အကြံပေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ စီမံကိန်းပညာရှင်အဖွဲ့နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် မိမိတို့နိုင်ငံ၏ ရေနှင့်သက်ဆိုင်သည့် ကိစ္စရပ်များအတွက် ဘက်စုံစီမံခန့်ခွဲနိုင်ရန် အထူးလိုအပ်နေသော အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီနှင့် ကော်မတီ၏ မဏ္ဍိုင်ကြီးသုံးခုဖြစ်သည့် ကော်မတီအတွင်းရေးမှူးရုံး၊ အကြံပေးအဖွဲ့ရုံး၊ ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (Hydro Informatics Center)တို့ တစ်စုတစ်စည်းတည်းလုပ်ငန်းများ တက်ညီလက်ညီစုပေါင်း ဆောင်ရွက်နိုင်ရန် တည်ဆောက်သည့်  ရုံးချုပ်အဆောက်အဦ ပန္နက်တော်တင်သည့် မင်္ဂလာအခမ်းအနားပင် ဖြစ်ပါကြောင်း။

 

2

 

ယခုအဆောက်အဦအတွက် အမေရိကန်ဒေါ်လာ (၇ ဒသမ ၅)သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်နေသော စီမံကိန်းတစ်ခုဖြစ်သည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်း (AIRBM Project)အတွက် အတိုးမဲ့ ချေးငွေထဲမှ ကျခံသုံးစွဲသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ရေအရင်းအမြစ်ဆိုင်ရာ စီမံကိန်းလုပ်ငန်းများအတွက် ကူညီဆောင်ရွက် ပေးနေသည့် ကမ္ဘာ့ဘဏ် (World Bank)အဖွဲ့ကို ကျေးဇူးတင်ရှိပါကြောင်း။

 

မိမိတို့ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများ၏ စုစုပေါင်း ရေအရင်းအမြစ် ၁၆ ရာခိုင်နှုန်း အထိပိုင်ဆိုင်ထားပြီး အာရှဒေသ၏ ရေအရင်းအမြစ် ၁၂ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားပါကြောင်း၊ တစ်ဘက်တွင်လည်း မြန်မာနိုင်ငံတစ်ဝန်း၌ တစ်နေရာနှင့် တစ်နေရာမိုးရွာသွန်းမှု ပမာဏမတူညီဘဲ နိုင်ငံအလယ်ပိုင်းရှိ မိုးနည်းရေရှားရပ်ဝန်းသည် ရေအလွန် ရှားပါးလှပါကြောင်း၊  နိုင်ငံ၏ အချို့နေရာများတွင် မိုးတွင်းကာလ၌ မိုးများ၍ အဆင်ပြေသော်လည်း နွေရာသီရောက်ပါကရေရှားပါးမှု ဒဏ်ကိုအနည်းနှင့် အများဆိုသလို ကြုံတွေ့ရလေ့ရှိပါကြောင်း။

 

 

ထို့အပြင် နိုင်ငံ၏ ဒေသအများစုသည် မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုများမကြာခဏ ဖြစ်ပေါ် တတ်သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ကမ္ဘာ့အနှံ့အပြားတွင် ရေကိုအလုအယက် အပြိုင်အဆိုင် ရယူရန် ကြိုးပမ်းမှုများမှတစ်ဆင့် ရေအသုံးပြုသူအုပ်စုအမျိုးမျိုးအကြား ပဋိပက္ခများနှင့် တင်းမာမှုများ ဖြစ်ပေါ်နိုင်သည့် အလားအလာများ ပိုမိုတိုးပွားလျက်ရှိပါကြောင်း၊ ယခုကဲ့သို့စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ရေဘက်စုံစီမံခန့်ခွဲမှု၊ တရားမျှတသောရေခွဲဝေမှုနှင့် ရေနှင့်သက်ဆိုင်သူ အားလုံးပါဝင်ပြီး သိပ္ပံပညာကို အခြေခံ၍ ကြောင်းကျိုးညီညွတ်စွာဖြင့် သက်သေပြနိုင်ရန်အတွက် ဆုံးဖြတ်ချက် အထောက်အကူပြု စနစ်များလည်းလိုအပ်လာပါကြောင်း၊ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှု အတွက် ဖြေရှင်းရမည့်ကိစ္စရပ် များစွာရှိနေပါကြောင်း။

 

သာဓကအားဖြင့် မြန်မာနိုင်ငံတဝန်းလုံးတွင် ရှိနေသည့် ပြန်လည်ဖြည့်တင်းနိုင်သော မြေအောက်ရေလွှာ များနှင့် ပြန်လည်မဖြည့်တင်းနိုင်သည့် မြေအောက်ရေလွှာများအတွင်းရှိ ရရှိနိုင်သော ရေအရင်းအမြစ် ပမာဏနှင့် အရည်အသွေးများကိုသိရှိနိုင်ရန် တစ်နိုင်ငံလုံးရှိ မြေအောက် ရေအောင်းလွှာမြေပုံများ၊ ရေကြီးရေလျှံမှု ဘေးအန္တရာယ် လျော့ပါးသက်သာစေရန် နေရာဒေသအလိုက် ရေကြီးမှုအန္တရာယ်ပြ မြေပုံ (Flood Hazard Map)များ ရေးဆွဲထားရန် လိုအပ်ပါကြောင်း။

 

 

 ထို့အပြင် ရေကိုရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးချရာတွင် ရေတစ်ပေါက်၏ တန်ဖိုးကို အကျိုးအမြတ် အများဆုံးရရှိအောင် သုံးစွဲနိုင်စေရန်အတွက် မိမိအသုံးပြုလိုက်သော ရေကိုခြေရာ ခံခြင်း (water footprint) နှင့် ရေအသုံးစာရင်းစစ်ခြင်း (water auditing)စသည့် စံနှုန်းသတ်မှတ် ချက်များကို အခြေခံဆောင်ရွက်သည့် စနစ်တစ်ခုကို မိမိတို့နိုင်ငံတွင် အကောင်အထည်ဖော် ကျင့်သုံးနိုင်စေရန် အတွက် ကြိုးပမ်းအားထုတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ရေကြီးရေလျှံမှုနှင့် ရေရှားပါးမှုအပါအဝင် သဘာဝ ဘေးအန္တရာယ်များ လျော့ပါးသက်သာရေး၊ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိရေး၊ ရေထုညစ်ညမ်းမှု ထိန်းချုပ်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေကိုပိုမိုထိရောက်စွာ အသုံးချရေး၊ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲရေး၊ ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်မှအမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီစသည့် ကော်မတီများကိုဖွဲ့ စည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲသည့် အဖွဲ့အစည်းများအကြားချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအခြေခံ ပြုပြင်ပြောင်းလဲမှုများမှ ပေါ်ပေါက်လာသည့် အခြေအနေသစ်များကို ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးချနိုင်ရန် အရေးပါသော ပြင်ဆင်ဆောင်ရွက်မှုပင် ဖြစ်ပါကြောင်း။

 

မြန်မာ့စီးပွားရေးဦးမော့လာစေရန်၊ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရန်၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြားသော ကဏ္ဍများမှ ထွက်ကုန်များပိုမိုထွက်ရှိလာစေရန်၊  နိုင်ငံသားတိုင်း၏ ကျန်းမာရေးပိုမို ကောင်းမွန်လာစေရန်၊  လူနေမှုအဆင့်အတန်း ပိုမိုတိုးမြင့်လာစေရန်နှင့်  လက်ရှိပျမ်းမျှ သက်တမ်းထက် ပိုမိုနေထိုင်နိုင်စေရန်တို့အတွက် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုစနစ်သည် မရှိမဖြစ် လိုအပ်သည် ဆိုသည့်အချက်ကို သတိပြုမိကြစေလိုပါကြောင်း။

 

ရေဆိုင်ရာအသိပညာပေးရေးနှင့် ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနအဖွဲ့ အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့ အစည်းများ၊ ပညာရှင်များ၊ ဆက်နွယ်သက်ဆိုင်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ် ကြီးမှူးကျင်းပပေးလျက်ရှိပြီး ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် အာရှ-ပစိဖိတ် ရေထိပ်သီးညီလာခံကိုလည်း အိမ်ရှင်အဖြစ် ပါဝင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံအတွက် လိုအပ်နေသည့် အမျိုးသားရေ ဥပဒေပြဌာန်းနိုင်ရေးနှင့် အမျိုးသားရေအရင်းအမြစ်ကော်မတီ ဥပဒေ ပေါ်ပေါက်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။

 

တိုင်းရင်းသားပေါင်းစုံပါဝင်သည့် မိမိတို့မြန်မာနိုင်ငံတွင် နိုင်ငံသားများအားလုံး ကလေးသူငယ်၊ လူငယ်လူလတ်၊ လူကြီးအားလုံးကျားမမခွဲခြားဘဲ ရေ၏တန်ဖိုးကိုကောင်းစွာ နားလည်သဘောပေါက် ကြစေရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ရေအရင်းအမြစ်များကို ကာကွယ်စောင့်ရှောက်ရင်း အကျိုးရှိရှိ အသုံးချရမည်ကို နားလည်နိုင်သည့် အသိအမြင်တစ်ရပ် ပေါ်ထွန်းလာစေရေးအတွက်လည်း ရေပညာရေး လုပ်ငန်းများနှင့် ရေဆိုင်ရာ လူ့စွမ်းအားမြှင့်တင်မှု လုပ်ငန်းများ၊ လေ့ကျင့်ပညာပေး မှုများကို ယခုအဆောက်အဦတွင် ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

နိုင်ငံသားများအနေဖြင့် ရေအရင်းအမြစ်များ ကြာရှည်တည်တံ့စေရန် မြစ်များ၊ ချောင်းများ၊ ကန်များ၊ ရေမြောင်းများအတွင်းသို့ အမှိုက်စွန့်ပစ်ခြင်းမပြုကြရန်နှင့် ရေဝေရေလဲ ဒေသစိုက်ခင်းများနှင့် သစ်တောများ စိုက်ပျိုးထိန်းသိမ်းမှုများ၊ မြို့ရွာများအတွင်း သစ်ပင်စိုက်ပျိုးမှုများတွင် တတ်စွမ်းသမျှ ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားလိုပါကြောင်း။

 

ယခုကဲ့သို့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီရုံးချုပ်နှင့် ရေအရင်းအမြစ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှုဗဟိုဌာန (Hydro Informatics Center) တစ်ခုပေါ်ထွက်လာခြင်း အားဖြင့် မိမိတို့နိုင်ငံ၏ ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုအတွက် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးကျေးဇူးများစွာ ရရှိလာမည် ဖြစ်ပြီးပိုမိုကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝ ရရှိရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က အမှာစကား ပြောကြားကြသည်။

 

ထို့နောက် ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တာဝန်ရှိသူများသည် သတ်မှတ်နေရာအသီးသီးတွင် နေရာယူ၍ ပန္နက်တော်တင်ပေးကြသည်။

 

03

 

ယင်းနောက် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီးရေမိခင်များအဖွဲ့ နာယက ဒေါက်တာရွှေလွှမ်းတို့သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

 

8

 

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီရုံးချုပ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှု ဗဟိုဌာန (Hydro Informatics Center-HIC) အဆောက်အဦ ပုံစံငယ်အားကြည့်ရှုသည်။

 

တစ်နိုင်ငံလုံး အတိုင်းအတာလွှမ်းခြုံသည့် ရေအရင်းအမြစ်များ စီမံဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် ဒုတိယသမ္မတက ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကော်မတီ၏ အကြံပေးအဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့သည်။ 

 

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ (NWRC) ကို ၂၀၁၆ ခုနှစ် ဇွန်လတွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ကော်မတီအနေဖြင့် ရေနှင့်ဆက်နွယ်သည့်ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ရေဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ၊ အမျိုးသားအဆင့် ရေမူဝါဒအကောင် အထည်ဖော်ဆောင်ရွက်မှုများ၊ ရေနှင့်ဆက်နွယ်သည့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။

 

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ကြိုးပမ်းမှုကြောင့် ၂၀၁၇ ခုနှစ် တတိယအကြိမ် အာရှ-ပစိဖိတ် ရေထိပ်သီးညီလာခံတွင် ရန်ကုန်ကြေညာစာတမ်းကို ထုတ်ပြန်နိုင်ခဲ့ပြီး ရေနှင့် ပတ်သက်သည့် လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံအား အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၉ ခုနှစ် မတ် ၂၂ ရက် ကမ္ဘာရေနေ့ (world water day) အထိမ်းအမှတ် logo တွင် အင်းလေးကန်တွင် ခြေဖြင့်လှေလှော် နေသည့်ပုံကို ထည့်သွင်းဖော်ပြခြင်းခံခဲ့ရသည်။

 

အမျိုးသားအဆင့် ရေအရင်းမြစ်ကော်မတီ ရုံးချုပ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှု ဗဟိုဌာန (Hydro Informatics Center-HIC) ကို တည်ဆောက်ပြီးစီးပါက ကွန်ပြူတာ မော်ဒယ်များဖြင့် တွက်ချက်၍ ရရှိလာသော အချက်အလက်၊ ကောင်းကင်ဓာတ်ပုံ၊ ပထဝီအနေ အထားဆိုင်ရာ သတင်းအချက် အလက်များကို ကြည့်ရှု၍ ပညာရှင်များ၏ အကြံဉာဏ်များကိုရယူကာ ရေနှင့် သက်ဆိုင်သည့် စီမံကိန်းများနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အရေးပေါ် အခြေအနေများအတွက် အချိန်နှင့်တပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

ထို့ပြင် ရေနှင့်သက်ဆိုင်သော လူငယ်ပညာရှင်များ မွေးထုတ်ခြင်း၊ ရေနှင့်သက်ဆိုင်သည့် ဗဟုသုတနှင့် နည်းပညာများကို ဖြန့်ဝေခြင်း၊ ရေကိုအခြေပြုသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတက် လာစေရန် လိုအပ်သည့် အချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်