မိုးကေနိုင်
မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ ၁၉၂၀ ပြည့်နှစ်ဝန်းကျင်တစ်ဝိုက်သည် မြန်မာ့ လွတ်လပ်ရေးအတွက် မျိုးချစ်စိတ်အခိုင်အခံ့ သန္ဓေတည်ရာ ကာလတစ်ခုဟု မှတ်ယူနိုင်သည်။
ထိုခေတ်က ကျောင်းသားလူငယ်များတွင် မျိုးချစ်စိတ်ပြင်းထန်လွန်း၍သာ အင်္ဂလိပ်တို့၏ မတရားဖိနှိပ် ချုပ်ချယ်လွန်းသော အုပ်ချုပ်ရေးနှင့် တစ်ဖက်သတ်အနိုင်ကျင့်ထားသော တက္ကသိုလ်ဥပဒေတို့ကို ဆန့်ကျင် သပိတ်မှောက်နိုင်ခဲ့ကြခြင်းဖြစ်သည်။ ခေတ်ပညာတတ်လူငယ်များ အစပျိုးခဲ့သည့် မျိုးချစ်စိတ်က အမျိုးသားပညာရေး မျိုးစေ့ကို ပေါက်ဖွားစေခဲ့သလို နိုင်ငံချစ်စိတ်ကိုပါတစ်ပါတည်း ရိုက်သွင်းပေးနိုင်ခဲ့သည်။ တစ်ဆက်တည်း နယ်ချဲ့လက်အောက်မှ လုံးဝလွတ်မြောက်လိုသည့် စိတ်ဓာတ်၊ တစ်တိုင်းပြည်လုံးနှင့် တိုင်းရင်းသားအားလုံးအတွက် လွတ်လပ်ရေးပန်းတိုင်ကို အရောက်လှမ်းလိုစိတ်များ တစ်တိုင်းပြည်လုံးအနှံ့ ပျံ့နှံ့ သွားခဲ့သည်။ ထိုစိတ်ဓာတ်ကောင်းများကသာ တက်ကြွသည့် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်များစွာကို ပေါ်ထွက်လာစေသည်ဟု ဆိုရပါမည်။
ကျော်လွန်ခဲ့ပြီဖြစ်သော မမေ့အပ်သော ရာပြည့်နှစ်များ
လွတ်လပ်ရေးမရမီကတည်းက သန္ဓေတည် ကိန်းအောင်းခဲ့သော မျိုးချစ်စိတ်ဓာတ်ဖြင့် အင်္ဂလိပ်တို့၏ ဖိနှိပ်မှုမျိုးစုံကို အန်တုတော်လှန်ခဲ့သော မြန်မာခေတ်ပညာတတ်လူငယ်များသည် သမိုင်းအဆက်ဆက် နိုင်ငံ၏ကာကွယ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်အရေးကြီးသော ကျရာကဏ္ဍများတွင် စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်မှု ပေးနေကြဆဲဖြစ်သည်။ နိုင်ငံအတွက် အားကိုးရပြီး အရည်အချင်းရှိသည့် ထင်ရှားသော ခေါင်းဆောင် ကောင်းအချို့ကို ယနေ့အထိ စဉ်ဆက်မပြတ် မွေးထုတ်ပေးနေဆဲဖြစ်သည်။
အမျိုးသားရေး ဇာတိမာန်ထက်သန်သော ခေါင်းဆောင်ကောင်းတို့ကြောင့် အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်နိုင်ဆဲဖြစ်သည်။ ကျွန်တော်တို့သည် နှစ် ၁၀၀ သက်တမ်းပြည့်ခဲ့၊ ကျော်ခဲ့ပြီဖြစ်သော ရာပြည့်အောင်ပွဲများစွာကို ရင်ထဲနှလုံးသားထဲတွင် သတိတရဖြင့် မမေ့နိုင်ဆဲဖြစ်သည်။ ဝိုင်အမ်ဘီအေမှ မွေးဖွားပေးခဲ့သည့် ဂျီစီဘီအေရာပြည့်၊ အမျိုးသား ပညာရေးနှင့် မြို့မအမျိုးသားကျောင်း၊ တက္ကသိုလ် ရာပြည့်၊ အမျိုးသားအောင်ပွဲရာပြည့်များသည် အားလုံးအတွက် မမေ့စကောင်းသော အောင်ပွဲများပင် ဖြစ်သည်။
အကျဘက်ဦးတည်နေသော နိုင်ငံများနှင့်ယှဉ်၍
ယခုခေတ်ကမ္ဘာကြီးသည် အပြောင်းအလဲများစွာဖြင့် ပြောင်းလဲနေသော်လည်း အကောင်းဘက်သို့ အပြောင်းအလဲကို ထင်ထင်ရှားရှားမတွေ့ရ။ ကပ်ရောဂါဘေး၊ စစ်ဘေး၊ စီးပွားရေးတုံ့ဆင်း ရပ်တန့်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေး တို့ဖြင့် အကျဘက်သို့ ဦးတည်နေသည်ကို တွေ့ရသည်။
အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှု၊ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး အပြိုင်အဆိုင်များကြားက တင်းမာမှုများ မြင့်တက်ဆဲဖြစ်သည်။ ကမ္ဘာမှာ ကိုယ့်လူမျိုး ကိုယ့်အကျိုးစီးပွားသာ ပထမ၊ ကိုယ့်အမျိုးသား အကျိုးစီးပွားကိုသာ ဦးစားပေးစဉ်းစားလာကြသည်ကို တွေ့နေရသည်။ ကမ္ဘာ့ဖြစ်ရပ်အချို့တွင် မျိုးချစ်စိတ်၊ အမျိုးသားရေး စိတ်ဓာတ်အားနည်းသော နိုင်ငံအချို့သည် အချုပ်အခြာကျဆုံးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်း များ ကြုံတွေ့ကြရပြီး အချို့နိုင်ငံများတွင် အမျိုးသားရေး အားပေးသော လက်ယာယိမ်းပါတီများ အင်အားကောင်းလာသည်ကို တွေ့ရသည်။
ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည်လည်း ထို့အတူ ရင်ဆိုင်နေရပါသည်။ ပြည်သူလိုလား တောင့်တသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြန်လည် တည်ထောင်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေရသည်။ ပြည်တွင်း၊ ပြည်ပ ဖိအားပေးစွက်ဖက်မှုများ၊ အဖျက်အမှောင့်များ၊ အကြမ်းဖက်လုပ်ရပ်များ၊ ဖျက်ဆီးမှုများကြားမှ သိသာထင်ရှားသည့် တိုးတက်မှုများ မြင်နေရသော်လည်း နိုင်ငံကိုတည်ငြိမ်အေးချမ်းရန်၊ အမျိုးသားလုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားအရေးများစွာကို ရှေ့တန်းတင်ဦးစားပေး ဖြေရှင်းနေရဆဲဖြစ်သည်ကိုမူ လက်ခံရမည်ဖြစ်သည်။
ဦးစားပေးဆောင်ရွက်ရမှုများ ရှိနေသော်လည်း ရေရှည်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကကျသည်က မျိုးချစ်စိတ်ဖြစ်သည်။ မျိုးချစ်စိတ်ကသာ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် အာမခံချက်ရှိသည်။ မျိုးရိုးလက္ခဏာ စရိုက်များကွယ်ပလျှင် နိုင်ငံ့အချုပ်အခြာအာဏာ အတွက်လည်း ဘေးအန္တရာယ်ရှိသည်။ စစ်မှန်သည့် မျိုးချစ်စိတ်က လက်ဆင့်ကမ်းသော အေးအတူ၊ ပူအမျှစိတ်ဓာတ်ကသာ တိုင်းရင်းသားအသီးသီး၊ တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှု၏ အန္တရာယ်များကို ဖယ်ရှားပေးနိုင်မည်ဟု ယုံကြည်သည်။
စစ်မှန်သောမျိုးချစ်စိတ်နှင့် အမျိုးသားရေးစိတ်ဓာတ်ဟူသည်
ဤနေရာတွင် စစ်မှန်သောမျိုးချစ်စိတ်ဆိုသည့် သဘောတရားတစ်ခုကို ရိုးရိုးရှင်းရှင်း အဓိပ္ပာယ်ဖွင့်လိုသည်။ ကိုယ့်နိုင်ငံနှင့် ကိုယ့်လူမျိုးကို အသက်တမျှ ချစ်မြတ်နိုးခြင်းသည် မျိုးချစ်စိတ်ပင်ဖြစ်သည်။ စစ်မှန်သော မျိုးချစ်စိတ်သည် ၁၃၅ မျိုးသော တိုင်းရင်းသားတို့နေထိုင်ရာ နိုင်ငံတော်နှင့် ထိုလူမျိုးအားလုံးကို ကိုယ်စားပြုထားသည်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးနှင့် ကိုယ့်နိုင်ငံ အချုပ်အခြာပိုင်နက်ထဲက မည်သည့်အစိတ်အပိုင်းကိုမျှ အထိမခံ၊ ကိုယ့်လူမျိုးထိလျှင်လည်း လက်ပိုက်ကြည့်မနေ၊ သွေးကပြောသည့် မျိုးချစ်စိတ်ဖြင့် ချက်ချင်းပြန်လည် တုံ့ပြန်နိုင်စွမ်းရှိခြင်းသည်ပင် အမျိုးသားရေး စိတ်ဓာတ်ဖြစ်သည်ဟု ယူဆပါသည်။
တိုင်းရင်းသားအားလုံး စုပေါင်းနေထိုင်ရာ ဤနိုင်ငံနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားဖြစ်သည့် အမျိုးသားအကျိုးစီးပွားကို မျိုးချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်မရှိဘဲ မဖော်ဆောင်နိုင်ဟု ယုံကြည်ပါသည်။ မျိုးချစ်စိတ်ဟု ဆိုရာတွင် စိတ်လှုပ်ရှားမှုအပေါ်အခြေမခံ၊ အစွန်းမရောက်ဖို့တော့လိုသည်။ သို့မဟုတ်လျှင် မျက်ကန်း မျိုးချစ်ဟု စွပ်စွဲခံရနိုင်သည်။ မျိုးချစ်စိတ်မရှိလျှင် နိုင်ငံတော်ပျက်စီးမည့် ဘေးအန္တရာယ်ရှိသလို မျက်ကန်းမျိုးချစ်ကလည်း နိုင်ငံကို ထောင်ချောက် သဖွယ် ချောက်ထဲဆွဲချနိုင်သည်ကို သတိပြုရပါမည်။
မျိုးချစ်စိတ်ခေါင်းပါးလာလျှင်
အဓိကအချက်သည် နိုင်ငံ၏နောင်လာမည့် အခင်းအကျင်းများနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများ၊ အမျိုးသားရေးကျိုးပျက်စေမည့် ပြည်ပမှ ဘာသာခြား၊ သာသနာခြား၊ မြန်မာစာပေ မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်နှင့် မအပ်စပ်သည့် ယဉ်ကျေးမှု စိမ့်ဝင်ထိုးဖောက်မှုများ၊ သွေးခွဲမှုများ ကို ရင်ဆိုင်နိုင်ရန်ဖြစ်သည်။ တစ်ဆက်တည်း ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း မျက်ခြည်မပြတ်ဘဲ အရှိန်အဟုန်နှင့် ဆက်လက်ဆောင်ရွက်ရန် ရှိနေသည်။
မျက်စိကြီးနားကြီးကြီးနှင့် အချုပ်အခြာအာဏာကို မျိုးချစ်စိတ်အပြည့်၊ တိုင်းချစ်ပြည်ချစ်စိတ် အပြည့်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန်လည်း တာဝန်ရှိနေသည်။ မျိုးချစ်စိတ်နည်းလာလျှင် နိုင်ငံ့အရေးထက် ကိုယ့်တစ်ကိုယ်စာအရေးကို ပို၍ဦးစားပေး တတ်ကြသည်။ တစ်နိုင်ငံလုံးအရေး၊ တိုင်းရင်းသား အချင်းချင်း ကူညီဖေးမရိုင်းပင်းပြီး ဖွံ့ဖြိုးတိုးတက် အောင်ကြိုးစားဖို့အရေးထက် ကိုယ့်ဒေသတွင်း မှာပင် ကိုယ့်ဒေသနှင့် ကိုယ့်လူမျိုးကို ချစ်မြတ်နိုးစိတ်၊ စွန့်လွှတ်စိတ်၊ အနစ်နာခံစိတ်ဆိုသည် ဘာမှန်းမသိရှာသည့် အုပ်စု အဖွဲ့များကိုလည်း တွေ့နေရသည်။ မျိုးချစ်စိတ်ကြောင့်ပင် အမျိုးသားစည်းလုံးညီညွတ်မှု အခိုက်အတန့် ဖော်ကျူးနိုင်ခဲ့သည့်ကာလနှင့် ဖြစ်ပျက်ခဲ့သည်များကို မေ့လျော့နေကြသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။
လူမှုရေး၊ ဘာသာရေးအခြေခံသည့် ဝိုင်အမ် ဘီအေလို အဖွဲ့အစည်းကြောင့် အမျိုးသားရေးခံယူချက်များ မြင့်မားခဲ့ဖူးပြီး ဗုဒ္ဓဘာသာသာသနာက ပညာရေး ပရဟိတဆန်သော လူမှုရေးဝန်းကျင်များ ဖန်တီးတည်ဆောက်နိုင်ခဲ့သည်မှာ မမေ့ကောင်းသော အချက်တစ်ခုဖြစ်သည်။ မှီတင်းနေထိုင်ကြသော နိုင်ငံသားများမှာ တစ်ဦးအပေါ်တစ်ဦး၊ လူမျိုး တစ်မျိုးနှင့်တစ်မျိုးအကြား နားလည်မှု၊ ကိုယ်ချင်း စာမှု၊ လေးစားမှု၊ မေတ္တာထားမှု သံယောဇဉ်တရားကို ပေးဆပ်နိုင်ရန်မှာ ထိုနိုင်ငံအပေါ် ချစ်မြတ်နိုးစိတ်နှင့် မျိုးချစ်စိတ်များ အပေါ်မှာသာ အရင်းခံပါသည်။ နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်မရှိက အထက်ပါတရားများလည်း အလိုလိုကွယ်ပျောက်သွားမည်သာ ဖြစ်သည်။
မျိုးချစ်စိတ်နှင့်ပတ်သက်၍ ခံယူထားသင့်သည့်အချက်
ပြည်တွင်း၊ ပြည်ပစိမ့်ဝင်မှုများနှင့်အတူ အမျိုးဘာသာ သာသနာပျက်ယွင်းစေကြောင်း အကြောင်းတရားများကို ထိန်းသိမ်းရမည်မှာ ယနေ့ခေတ် မျိုးဆက်သစ်လူငယ်များ၏ မျိုးချစ်စိတ်အပေါ်တွင် အဓိကတည်မှီနေသည်။ အမိအဖ၊ ဆရာသမားများ၏ အဆုံးအမများ နည်းပါးလာနေလေသလား၊ ရတနာသဖွယ်ဖြစ်သည့် ဘာသာတရားယဉ်ကျေးမှု တန်ဖိုး များ ယုတ်လျော့လာနေသလား တွေးမိသည်။
ယနေ့ခေတ် ယဉ်ကျေးမှုစံတန်ဖိုးနှင့် မျိုးချစ်စိတ်သည် ငွေကြေးဓနနှင့် အလဲအထပ်ဖြစ်နေသည်။ မျိုးချစ်စိတ်မရှိလျှင်၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်အမျိုး ချစ်စိတ်မှမရှိလျှင် ပျက်စီးဖို့ဘေးရန်အစသည် ပေါ်လာမည်သာဖြစ်သည်။ မျိုးချစ်စိတ်ကင်းမဲ့လာလျှင် သူတော်ကောင်းတို့နေရာမှာ သူယုတ်မာတွေ အစားထိုးလာနိုင်ပြီး ချမ်းသာသုခနှင့် လွဲမည်သာဖြစ်သည်။
ယနေ့ခေတ်လူငယ်များတွင် မျိုးချစ်စိတ်ဆိုတာ ဘာမှန်းမသိ။ အကြောင်းမှာ မျိုးချစ်စိတ်နှင့် အမျိုးသားရေး တာဝန်များ ပုံဖျက်ခံနေရခြင်းကြောင့် ဖြစ်သည်။ မျိုးချစ်စိတ်အရင်းခံပြီး ခက်ခဲကြမ်းတမ်းစွာ ရယူခဲ့ရသည့် လွတ်လပ်ရေး၊ “ကိုယ့်အချုပ်အခြာ နှင့်ကိုယ်၊ ကိုယ့်ဘာသာစကား၊ ကိုယ့်ယဉ်ကျေးမှုနှင့် ကိုယ် ငါတို့လွတ်လွတ်လပ်လပ် ယခုလိုနေရတာဟာ ရှေးလူငယ်လူကြီးတွေ မျိုးချစ်စိတ်အရင်းခံပြီး အသက်ပေးတိုက်ယူခဲ့လို့သာ ငါတို့ယခုလို နေရတာပါလား” ကျေးဇူးသိတတ်စွာဖြင့် ခံယူတတ်နေဖို့လို ပါသည်။
“ငါတို့လည်း ငါတို့နိုင်ငံနဲ့ ငါတို့အမျိုး၊ ငါတို့ ဘာသာသာသနာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ စသည်ကို အတတ်နိုင်ဆုံး ကိုယ်ကျရာကဏ္ဍကနေ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှ ငါတို့ရဲ့ သားသမီးမြေးမြစ် မျိုးဆက်သစ်တွေလည်း ငါတို့နေသလို နေနိုင်ကြမှာ ပါလား” စသည်ဖြင့် မြော်တွေးထားမှသာ သင့်ပေမည်။
အမေကျော် ထွေးတော်မလွမ်းမိဖို့လိုသည်။ မိမိမျှော်လင့်ချက်သည် မိမိမှာသာရှိသည်။ ယနေ့ လူငယ်တချို့ ဤနိုင်ငံ၌ မျှော်လင့်ချက်မဲ့နေသည်ဟု ထင်နေသူတွေရှိသည်။ သို့သော် မိမိအမိမြေကို မျှော်လင့်ချက်ကြီးစွာဖြင့် တစ်ပါးနိုင်ငံကဝင်လာသူ လူမျိုးခြားများလည်း ရှိလာနေသည်။ သူတို့က စီးပွားရေးအခွင့်အလမ်းအတွက်၊ သူတို့လုပ်ချင်တာ လုပ်နိုင်မည့် အခွင့်အရေးအတွက် မြန်မာ့မြေကို ဇွဲနပဲကြီးစွာဖြင့် နင်းလာနေကြသည်။
ကိုယ်ဖယ်ပေးလိုက်လျှင် လာဦးမည့်သူတွေ ရှိနေသည်။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်အမျိုးချစ်စိတ်ဖြင့် ရေတိုငွေရဖို့ အလုပ်လုပ်တာထက် ရေရှည်အလုပ်လုပ်ဖို့အတွက် ကျွမ်းကျင် အရည်အချင်းကို ဦးစွာဖြည့်ဆည်းထားစေချင်သည်။ ကိုယ့်အရေးထက် တိုင်းပြည်နှင့် လူမျိုး၊ ကိုယ့်သွေးချင်း သားချင်းများ၏ မျက်နှာကို ပိုကြည့်စေလိုသည်။ ယခုခေတ်တွင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကျိုး ကြည့်ဖို့နေနေသာသာ ကိုယ့်မိဘ၊ မိသားစုအရေး အနီးစပ်ဆုံးကိုယ့်ဆွေမျိုးအရေးပင် စွန့်လွှတ်အနစ် နာခံဖို့ ဝေးစွ၊ မစဉ်းစားတတ်ကြတော့သည်အထိ ဖြစ်နေသည်။ မျိုးချစ်စိတ်ကုန်ခန်းပြီး အမျိုးသားရေး ဇာတိမာန်များ ယုတ်လျော့နေသည့် သာဓကတစ်ရပ် ပင်ဖြစ်သည်။
ဤဆောင်းပါးသည် နိုင်ငံမျိုးဆက်သစ်လူငယ် များအတွက် ရည်ရွယ်ပါသည်။ မျိုးချစ်စိတ်ဓာတ် လူငယ်များ၏ ရင်ထဲ၊ နှလုံးသားထဲအထိ အရောက် ဝင်နိုင်ရန်အတွက် ဖြစ်သည်။ စွဲမြဲစွာကိန်းအောင်း နေရမည့် မျိုးချစ်စိတ်ကို ပညာရေးတံခါးဝမှတစ်ဆင့် ဝင်ရောက်မှသာ ရနိုင်သည်ဖြစ်၍ ပညာရေးသည်သာ အဓိကအားကိုးရာဖြစ်ပါမည်။
ယနေ့အခြေအနေများအရ မျိုးချစ်စိတ်မရှိလျှင် ရှင်သန်ရပ်တည်ရန်ခဲယဉ်းပါသည်။ မျိုးချစ်စိတ်ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အခြေခံအဆောက်အအုံများ ခိုင်မာစွာတည်ဆောက်နိုင်ရုံ၊ State building ဖြစ်ရုံ နှင့်မပြီးဘဲ သက်ဆိုင်ရာလူမျိုးအားလုံး၏ ပညာရေး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းဆောင်ရွက်နိုင်မှ Nation building ဖြစ်မှသာ နိုင်ငံနှင့် လူမျိုး၊ ထိုနိုင်ငံနှင့် ထိုလူမျိုးတို့၏ အမျိုးသား အကျိုးစီးပွားကို အရှည်တိုးတက်တည်တံ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။