ကိုရေချမ်း
မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင် မုန်းလဆုတ် ၁၀ ရက်၊ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့။ ထိုနေ့တွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန် ကောလိပ်ကျောင်းသားတို့သည် အင်္ဂလိပ်ဗျူရိုကရက်တို့က မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့အတွက် ပြဋ္ဌာန်းလိုက်သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် သပိတ်မှောက်သောနေ့ဖြစ်သည်။ တစ်နည်းဆိုသော် မြန်မာ့သမိုင်းတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများက နယ်ချဲ့ဗြိတိသျှ အစိုးရကို ပထမဆုံးဆန့်ကျင်တိုက်ပွဲဝင်သော နေ့ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်ပြီး ခုနစ်ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသားများလည်း သပိတ်မှောက်ကြသည်။ အကြောင်းပြချက်မှာ တက္ကသိုလ်ကျောင်းသားများ၏ ကိုယ်ကျိုးအတွက် လုံးဝမပါဘဲ နောင်လာမည့် ကျောင်းသားလူငယ်များ အတွက်ဖြစ်သောကြောင့် ပါဝင်လာကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံး အုန်းအုန်းကျွက်ကျွက်မျှ ပါဝင်လာသဖြင့် မြန်မာ့ပညာရေးသမိုင်းတွင် ပထမ အကြိမ်မှတ်တမ်းတင်ရသည့် လှုပ်ရှားမှုကြီးဖြစ်သည်။ ကောလိပ်ကျောင်းသားများက စတင်သပိတ်မှောက်ခဲ့သည့် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို မြန်မာတစ်နိုင်ငံလုံးက အမျိုးသားနေ့ဟု အသိအမှတ်ပြုပြီး ၁၉၂၂ ခုနှစ်မှစ၍ ထိုနေ့တွင် နှစ်စဉ်နှစ်တိုင်း အမျိုးသား အောင်ပွဲသဘင်များ ကျင်းပလာခဲ့သည်။
အမျိုးသားစိတ်ဓာတ်
အမျိုးသားပညာရေး လှုပ်ရှားမှုကြီး စတင်ပေါ်ပေါက်လာရန် အကြောင်းတရားများတွင် ထိုစဉ်ကကောလိပ် ကျောင်းသားများသည် မြန်မာ့နိုင်ငံရေးတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံနှင့် မြန်မာ လူမျိုးတို့၏ အရေးကိစ္စများကို စိတ်ဝင်စားလေ့လာခြင်း၊ အချို့ကောလိပ် ကျောင်းသားတို့သည် တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ သင်ကြားပေးခြင်းမရှိသော်လည်း နိုင်ငံရေးအတွေးအခေါ် နိုင်ငံရေးသိပ္ပံပညာ (Political Science)၊ ဗြိတိသျှတို့၏ လစ်ဘရယ်ဝါဒ (Libera-lism) တို့ကို လေ့လာလိုက်စားခြင်း၊ ထိုစဉ်ကထုတ်ဝေသော သတင်းစာများက ကျောင်းသားတို့၏ အမြင်ကိုကျယ်စေခြင်း၊ ဖိနပ်ပြဿနာနှင့် ပြဿနာအချို့တွင် ကိုလိုနီအစိုးရ၏ နိုင်ထက်စီးနင်း လုပ်ရပ်များကို သိရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် အမျိုးသားစိတ်ဓာတ် (Nationalism) သည် ဒီရေအလား တိုးပွားလာခဲ့သည်။
တက္ကသိုလ်သပိတ် ပေါ်ပေါက်လာသောကြောင့် ဗြိတိသျှအစိုးရက မူလက ပေးရန် မရည်ရွယ်ခဲ့သော ဒိုင်အာခီ အုပ်ချုပ်ရေးကို ပေးခဲ့ရသည်။ နိုင်ငံရေး နိုးကြားလာ၍ မြန်မာတိုင်းရင်းသားတို့သည် ဒိုင်အာခီအုပ်ချုပ်ရေးကို မကျေနပ်ကြဘဲ ဟုမ်းမရူး (Home Rule) ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုလာကြသည်။ အမျိုးသားကောလိပ်နှင့် အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ အမျိုးသားကျောင်းများတွင် မျိုးချစ်စိတ်ဓာတ်၊ မိမိကိုယ်ကိုယ် အားကိုးလိုသည့် စိတ်ဓာတ်တို့ကို ပျိုးထောင်ပေးခဲ့သည်။ မြန်မာစာပေ၊ မြန်မာ့သမိုင်းနှင့် ဗုဒ္ဓဘာသာသင်ခန်းစာတို့ဖြင့် အမျိုးသားစိတ်ဓာတ်ရှင်သန်လာအောင် စနစ်တကျသင်ကြားပေးခဲ့ သည်။ မြန်မာပြည်လွတ်လပ်ရေးရရှိအောင် ဦးဆောင်ခဲ့သည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရေနံချောင်းအမျိုးသားကျောင်းမှ ၁၀ တန်းအောင်မြင်ခဲ့သူဖြစ်သည်။
စိတ်ဓာတ်ခွန်အားများ
ဗြိတိသျှနယ်ချဲ့အစိုးရ၏ ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် ၁၉၂၀ ပြည့်နှစ် ကောလိပ်ကျောင်းသားများ သပိတ်မှ သန္ဓေတည်လာခဲ့သော အမျိုးသားလှုပ်ရှားမှု စိတ်ဓာတ်ခွန်အားများဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်အထိအောင်ပွဲအလီလီရခဲ့သည်။ ကျောင်းသားထုကြီးတစ်ရပ်လုံးတွင်သာမက ပြည်သူလူထုကြီး တစ်ရပ်လုံးတွင်ပါ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အမျိုးသားရေး စိတ်ဓာတ်များ လွှမ်းခြုံရှင်သန်ဖြစ်ထွန်းခဲ့ပြီး တိုင်းတစ်ပါးလက်အောက်မှ လွတ်မြောက်အောင်စွမ်းဆောင်နိုင်ခဲ့သည်။ အမျိုးသားရေးစိတ်ဓာတ်သည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအတွက် အသက်တမျှအရေးပါသည့် စိတ်ဓာတ် ဖြစ်သည်။ အမျိုးသားရေးစိတ် အားကောင်းလာပါက လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်နိုင်သလို အမျိုးသားရေး စိတ်ဓာတ် ခေါင်းပါးလာပါကရရှိပြီး လွတ်လပ်ရေးသည်ပင် ပြန်လည်ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။
အမျိုးသားရေးစိတ်ဓာတ်နှင့် စပ်လျဉ်းပြီး လေးနက်စွာ သိရှိမှတ်သားထားရန် လိုပါသည်။ အမျိုးသား စိတ်ဓာတ်ဟူသည် နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်၊ တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဆောင်ရွက်လိုသော စိတ်ဓာတ်၊ ကာကွယ်စောင့်ရှောက်လိုသော စိတ် ဓာတ်ဖြစ်သည်။ “အမျိုးသား” ဟူသည် အရည်အချင်းလေးပါးနှင့် ပြည့်စုံမှသာ အမျိုးသားဟူ၍ ဖြစ်ပေါ်လာရသည်။ အရည်အချင်းတစ်ပါးမှာ “ပိုင်နက် နယ်မြေ” ဖြစ်သည်။ ဒုတိယအရည်အချင်း မှာ “လူ” သို့မဟုတ် “ပြည်သူ” ဖြစ်သည်။ တတိယအရည်အချင်းမှာ “အချုပ်အခြာ အာဏာပိုင်ဆိုင်ခြင်း” ဖြစ်သည်။ စတုတ္ထ အရည်အချင်းမှာ “ကမ္ဘာ၏ အသိအမှတ် ပြုခြင်းခံရသော တည်တံ့သည့် အုပ်ချုပ် ရေးရှိခြင်း” ဖြစ်သည်။ အဆိုပါ အရည်အချင်းတစ်ရပ်ရပ် ချို့ယွင်းပါက အမျိုးသားဟူ၍ ဖြစ်မလာပေ။
တစ်မျိုးသားလုံးနိုးကြား
ကမ္ဘာက အသိအမှတ်ပြုခံထားရသော တည်တံ့သည့် အုပ်ချုပ်ရေးရှိခဲ့ သည့် အချုပ်အခြာအာဏာပိုင်ဆိုင်သော နိုင်ငံတော်၏ ပိုင်နက်နယ်မြေအတွင်း တစုတစည်းတည်း စည်းလုံးညီညီရှိခဲ့သည့် ပြည်သူလူထုအပေါင်းကို အမျိုးသားဟုဆိုသည်။ တစ်နည်းဆိုသော် နိုင်ငံတစ်ခုအတွင်း ဘိုးစဉ်ဘောင်ဆက် အတူတကွနေထိုင်လာခဲ့ ကြသည့် အမျိုးသားများဖြစ်သည်။ နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်တည်တံ့ခဲ့သည့် မြန်မာအမျိုးသားနိုင်ငံတော် ကြီးကို ကိုလိုနီနယ်ချဲ့တို့က လက်နက်အင်အားကြီးမားစွာဖြင့် ကျူးကျော် သိမ်းပိုက်ခဲ့သဖြင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးသွားခဲ့သည်။ နယ်ချဲ့လက်အောက်တွင် ခေါင်းမဖော်ဝံ့အောင် ချုပ်ကိုင်ဖိနှိပ် အနိုင်ကျင့်မှုများကို ကောလိပ်ကျောင်းသားများက စတင်ဆန့်ကျင်ခဲ့သည်။ ထိုမှတစ်ဆင့် တစ်နိုင်ငံ လုံး တွန်းလှန်လိုသည့် စိတ်ဓာတ်များ နိုးကြားလာခဲ့သည်။ ယင်းသည် တစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ် ဖြစ်သည်။
၁၉၂၂ ခုနှစ်ကစတင်ခဲ့သည့် အမျိုး သားအောင်ပွဲသည် ယခုအခါ နှစ်ပေါင်း ၁၀၄ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ထိုစဉ်က နိုးကြားရှင်သန်ခဲ့သော အမျိုးသား စိတ်ဓာတ်သည် နယ်ချဲ့အစိုးရ၏ မတရားဖိနှိပ်မှုမှလွတ်မြောက်ရန် ကြိုးပမ်းမှုတွင် ပြည်သူလူထုတစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်လာစေသည့် အမျိုးသားရေး စိတ်ဓာတ် ဖြစ်သည်။ ယင်းအမျိုးသားရေး စိတ်ဓာတ်သည် မြန်မာနိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသား တိုင်း၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေးနှင့် ထိန်းသိမ်းရေး အတွက်ဖြစ်သည်။
မျက်မှောက်ကာလတွင်လည်း ထိုသို့ အမျိုးသားစိတ်ဓာတ်များ လိုအပ်နေပါသည်။ ကမ္ဘာပေါ်ရှိ အင်အားကြီးနိုင်ငံ များသည် နိုင်ငံငယ်များအပေါ် တိုက်ရိုက် ကျူးကျော်သိမ်းပိုက်ခြင်း မပြုလုပ်ဘဲ သွယ်ဝိုက်ကျူးကျော် စွက်ဖက်သည့်စနစ် ကျင့်သုံးလာကြသည်။ နိုင်ငံငယ်များရှိ လူမျိုးအချင်းချင်း မတူကွဲပြားမှုများ အကြား စိတ်ဝမ်းကွဲပြားအောင် သွေးထိုး မြှောက်ပင့်ပေးပြီး နိုင်ငံပြိုကွဲပျက်စီးအောင် ပြုလုပ်လာကြသည်။
အမျိုးသားရေးအလေးထား
ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကာလတွင် ခေတ်သစ်ကိုလိုနီနယ်ချဲ့စနစ် ကို ခုခံကာကွယ်နိုင်ရန်အတွက် အမျိုးသား စိတ်ဓာတ်နှင့် ခံယူချက်များ နိုးကြားထက်သန်နေရန်လိုပါသည်။ အမျိုးသားရေးဟုဆိုရာတွင် ရှေးရိုးစွဲအမျိုးသားရေးနှင့် လစ်ဘရယ်ကဲ့သို့ အစွန်းရောက်အမျိုးသားရေးကို မဆိုလိုပါ။ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရမည့် အမျိုးသားစိတ်ဓာတ် ဖြစ်ပါသည်။
နိုင်ငံများသည် မိမိနိုင်ငံ၏ ကာကွယ်ရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမျိုးရေး၊ စီးပွားရေးတွင် လွှမ်းမိုးမခံရစေရေးနှင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအတွက် အမျိုးသားရေးကို အလေးထား လာကြသည်။ အမျိုးသားရေးကို မည်သို့ပင်ဆိုစေကာမူ လက်တွေ့တွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကိုသာ အလေးထားကြ စမြဲဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက် နယ်ချဲ့စနစ်၏ ဆိုးမွေကြောင့် တိုင်းရင်းသားအချင်းချင်း သွေးကွဲခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့သည်။ လက်ရှိကာလတွင် နိုင်ငံအတွင်း အမျိုးသား စိတ်ဓာတ် နိုးကြားထက်သန်စေရေးအတွက် အထူးလိုအပ်နေသည့် အရင်းခံအကြောင်းတရားကို အလေးအနက် သုံးသပ်ကြည့်သင့်သည်။ မြန်မာနိုင်ငံသည် ပြည်သူများလိုလားသည့် ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်း လျက်ရှိသည်။ ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းသည့်အခါ ပြည်သူလူထု တစ်ရပ်လုံးသည် ဒီမိုကရေစီအနှစ်သာရများနှင့် ဒီမိုကရေစီယဉ်ကျေးမှုတို့ကို မဖြစ်မနေခံစားနိုင်ရန် လိုအပ်သည်။ ဒီမိုကရေစီ ယဉ်ကျေးမှု ဆိုသည်မှာ လူတစ်ဦးချင်း သို့မဟုတ် အစုအဖွဲ့အလိုက်၏ လိုအင်ဆန္ဒများကို ပဋိပက္ခများ၊ အကြမ်းဖက်မှုများမှ ရှောင်ရှားပြီး ငြိမ်းချမ်းသည့်နည်းဖြင့် ဖော်ဆောင်ခြင်း ဖြစ်သည်။
သမိုင်းပေးတာဝန်
သို့သော်ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရ ဒုတိယအကြိမ်သက်တမ်းတွင် မြန်မာ့သမိုင်း၌ သင်ခန်းစာယူစရာ ဖြစ်ခဲ့ရသလို တိုင်းတစ်ပါးသားများအပေါ် အထင်ကြီးကိုးစားမှု လွန်ကဲသောကြောင့် တိုင်းပြည်ဘဏ္ဍာများ ဆုံးရှုံးခဲ့ရသည်။ မဖြစ်မနေထိန်းသိမ်းစောင့်ရှောက်ရမည့် ပြည်တွင်းရေး လျှို့ဝှက်ချက်များ အလွယ်တကူ ပေါက်ကြားခဲ့သည်။ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခွင့်ရကြသည့် အာဏာပိုင်များကအစ ဒီမိုကရေစီကျင့်စဉ်ကို လွဲမှားစွာကျင့်သုံးခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အလွန်အကျည်းတန် အရုပ်ဆိုးသည့် မဲမသာမှုလုပ်ရပ်များသည် မြန်မာ့သမိုင်းတွင်အမည်းစက်အဖြစ် ကျန်ရစ်ခဲ့သည်။ တပ်မတော် အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ ရေရှည်အကျိုးကိုမြော်တွေးပြီး နိုင်ငံတော်အပေါ် ကျရောက်လာမည့် ဘေးအန္တရာယ် အသွယ်သွယ်ကို ကာကွယ်နိုင်ရန် သမိုင်းပေးတာဝန်အဖြစ် နိုင်ငံ့တာဝန် ယူခဲ့ရသည်။
၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်တွင် NLD ပါတီဝင် တချို့နှင့် လူပုဂ္ဂိုလ်တချို့သည် ပြည်ပ အထောက်အပံ့များနှင့် အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံတော်ကို ဆန့်ကျင် ပုန်ကန်ခဲ့သည်။ ထိုအချိန်တွင် တချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် NCAတွင် လက်မှတ်ရေးထိုးထားသည့် ကတိကဝတ်များကို ဖောက်ဖျက်ပြီး NUG ၊ CRPH အကြမ်းဖက်အဖွဲ့တို့ကို တစ်ဖက်လှည့်နှင့် ထောက်ခံအားပေးခဲ့သည်။ NUG၊ CRPH အကြမ်းဖက်အဖွဲ့များ၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကိုလည်း ထောက်ပံ့မှုမျိုးစုံပြုလုပ်ပြီး အားပေးအားမြှောက်ပြုလုပ်ခဲ့ကြသည်။ အကြမ်းဖက် လုပ်ရပ်များကြောင့် နိုင်ငံတစ်ဝန်းတွင် တည်ငြိမ်အေးချမ်းမှု အားနည်းခဲ့သည်။ အကြမ်းဖက်သမား များ၏ ပတ်ဝန်းကျင်တွင်နေထိုင်ကြသည့် ပြည်သူလူထုမှာ အကြောက် တရားများနှင့် ကျီးလန့်စာစားနေရသည့် ဘဝကို ရောက်ရှိခဲ့ကြသည်။ အကြမ်းဖက်သမားများ၏ တော်လှန်ရေးသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် များ ဆုံးရှုံးပျက်စီးခြင်းကိုသာ ဖြစ်စေခဲ့သည်။
နိုင်ငံမထိခိုက်အောင်ကာကွယ်
တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့တချို့သည် PDF အမည်ခံအကြမ်း ဖက်အဖွဲ့များကို ထောက်ပံ့အားပေး ပြီး အကြမ်းဖက်လမ်းကြောင်းပေါ်ကို တင်ပေးခဲ့သည့်အပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ၌စခဲ့သည့် MNDAA ၊ TNLA နှင့် AA အကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့များ၏ လုပ်ရပ်များ ကြောင့် ပြည်သူလူထု၏ လူမှုစီးပွား ဘဝကို ကြီးစွာထိခိုက်စေခဲ့သည်။ ယင်းမတိုင်မီကလည်း KNPP ၊ KNDF ၊ PNLO ၊ KIA နှင့် KNU လက်နက်ကိုင် သောင်းကျန်းသူများသည် နယ်မြေဒေသအသီးသီးတွင် အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် အပြစ်မဲ့တိုင်းရင်းသား ပြည်သူများ ဆင်းရဲဒုက္ခရောက်ကြသည်။ ယင်းကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်သည် နိုင်ငံတော်၏ အကျိုးစီးပွားမထိခိုက်အောင် သက်စွန့်ကြိုးပမ်း ကာကွယ် ဆောင်ရွက်နေသည်ကို တွေ့မြင်နေရသည်။
နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေး စွမ်းအားများ အားကောင်းရန်လိုသည်။ နိုင်ငံရေးအရ အားကောင်းပြီး စီးပွားရေးနှင့်ကာကွယ်ရေးအပိုင်းတွင် အားနည်း ပါက တိုင်းပြည်ပျက်စီးခြင်းသို့ ကျရောက် သွားနိုင်သည်။ နိုင်ငံရေးအရ အားကောင်း စေရေးအတွက် တိုင်းပြည်ကို ဦးဆောင် ဦးရွက်ပြုကြသူများက စနစ်တကျ မှန်ကန်စွာ ဦးဆောင်ပေးကြရသလို နိုင်ငံသားအား လုံးကလည်း မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်ရေး၊ မိမိနိုင်ငံအကျိုးအတွက် စည်းလုံးညီညွတ်ရေး အထူးလိုအပ်သည်။ နိုင်ငံကာကွယ်ရေးနှင့်စည်းလုံးညီညွတ်ရေးသည် နိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင်ကြရမည့် အမျိုးသားရေးတာဝန်ဖြစ်သည်။ မြန်မာ နိုင်ငံ၏ ပထဝီအနေအထား၊ နိုင်ငံရေး အခြေအနေများအရ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် အထူးနှလုံးသွင်းပြီး ကျရာကဏ္ဍမှ ဆောင်ရွက်ကြရမည် ဖြစ်သည်။
အမျိုးသားအကျိုးစီးပွား
မျက်မှောက်ကာလတွင် အင်အားကြီး နိုင်ငံများ၏ အားပြိုင်မှုများ၊ အင်အား ငယ်သည့် နိုင်ငံများအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများ၊ နိုင်ငံအချင်းချင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ပြည်တွင်းရေး မငြိမ်မသက်မှုများ ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပွားနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အဆိုပါပြဿနာများနှင့် ပဋိပက္ခများကို ဖြေရှင်းရာတွင် အချို့ဒေသများတွင် ပြည်တွင်းပဋိပက္ခကို ဒေသတွင်း ပဋိပက္ခအခြေအနေများအထိ ဖြစ်ပေါ် လာအောင် ဖန်တီးနေသည်ကို တွေ့မြင် နေရသည်။ ကမ္ဘာ့နိုင်ငံအများစုသည် နိုင်ငံအလိုက် အင်အားစုရရှိရေးအတွက် ဒေသဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးစသည့် ကဏ္ဍစုံတွင် အဖွဲ့အစည်းအလိုက် ပူးပေါင်း ဆောင်ရွက်နေကြသည်ကို သတိပြုမိကြရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံတိုင်း နိုင်ငံ တိုင်းသည် မိမိနိုင်ငံ၏ အကျိုးစီးပွား အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည်ပြီး ဦးစားပေး လုပ်ဆောင်နေကြသည်ကို သတိပြုမိရန် လိုမည်ဖြစ်သည်။ ယင်းသည် အမျိုးသားအကျိုးစီးပွားကို ရှေးရှု ဆောင်ရွက်နေကြခြင်းဖြစ်သည်။ နိုင်ငံအလိုက် အမျိုးသားရေးကို ရှေ့တန်းတင် ဆောင်ရွက်နေကြခြင်းဖြစ်သည်။ လတ်တလောဖြစ်ပွားခဲ့သည့် အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ၏ ပြည်တွင်း ရေးပဋိပက္ခများကို လေ့လာကြည့်မည် ဆိုလျှင် နောက်ကွယ်မှ မည်သည့်နိုင်ငံများ မည်သို့မည်ပုံ ပါဝင်ပတ်သက်နေသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ တစ်ကျော့ပြန် ခေတ်သစ်ကိုလိုနီနယ် ချဲ့များက ဖန်တီးနေသည့် အခြေအနေများကို မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများက သိရှိထားရန်လိုအပ်သည်။ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်လိုစိတ် မွေးမြူထားရမည် ဖြစ်သည်။
ပြည်ပမှ မြှောက်ပင့်ပံ့ပိုးပေး
ကမ္ဘာ့အင်အားကြီး နိုင်ငံများအနေဖြင့် နိုင်ငံငယ်များအပေါ် ဩဇာလွှမ်းမိုးအောင်ဆောင်ရွက်ရာတွင် နိုင်ငံတိုးတက်ရေးတွင် အဓိကကျသည့် စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်နှင့် စီးပွားရေးတွင် ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်တွင်းတွင် ပဋိပက္ခမျိုးစုံ၊ အကျပ်အတည်း မျိုးစုံဖြစ်ပေါ်လာအောင် ဖန်တီးပြီး စီးပွားရေးထိခိုက်အောင်၊ လိုသလိုခြယ်လှယ်နိုင်အောင် ဖန်တီးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဆိုပါအခြေအနေမျိုး ဖြစ်ပေါ်လာအောင် ကြိုတင်စီမံဖန်တီးခဲ့ကြသည်ကို ထဲထဲဝင်ဝင်လေ့လာလျှင် သိနိုင်သည်။ မလိုလားအပ်သည့် ပဋိပက္ခများကြောင့် နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများဖြစ်ခဲ့ရသည်။ အပြစ်မဲ့ပြည်သူများ၊ ကလေးသူငယ်များနှင့် ရဟန်းသံဃာတော်များပါမကျန် ထိခိုက်သေဆုံးခဲ့ကြသည်။ တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုကြီး ဖြစ်သည်။ ကိုယ့်နိုင်ငံကို သစ္စာမဲ့၊ အသိဉာဏ်အားနည်းသည့် မိမိနိုင်ငံသား များက ပြည်ပမှ မြှောက်ပင့်ပံ့ပိုးမှုများနှင့် ဖျက်ဆီးနေကြသည်။
ပြည်ပ ပယောဂများ လွှမ်းမိုးနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ လျော့ပါးပျောက်ပျက်သွားမှသာ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး သာယာဝပြော လာမည်ဖြစ်သည်။ ပြည်သူအားလုံးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည် ကာကွယ်ရေး၊ လုံခြုံရေးအတွက် ကိုယ်စီကိုယ်စီ တာဝန်ရှိကြသည်။ ယင်းသည် အမျိုးသားရေးတာဝန်၊ အမျိုးသားရေး စိတ်ဓာတ်ဖြစ်သည်။ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလက နိုင်ငံတော်နှင့်နိုင်ငံ သားများ၏ အကျိုးစီးပွားကို ရှေးရှုပြီး ၁၉၂၀ ပြည့်နှစ် အမျိုးသားနေ့တွင် သန္ဓေတည်ခဲ့သည့် တစ်တိုင်းပြည်လုံး ပါဝင်လှုပ်ရှားခဲ့သော အမျိုးသားအောင်ပွဲ စိတ်ဓာတ်မျိုးကဲ့သို့ မျက်မှောက်ကာလတွင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည်ဆိုသည့် အမျိုးသားရေး စိတ်ဓာတ်များ ထက်သန်နိုးကြားလာအောင် တိုင်းရင်းသားပြည်သူအားလုံး သန္နိဋ္ဌာန်ပြုကြပါစို့ဟု တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။