နေပြည်တော် ၁၉ ဇွန်

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဌာန၊ အဖွဲ့အစည်းများကို နှစ်စဉ်ခွဲဝေပေးသည့် အသုံးစရိတ်များသည်နိုင်ငံတော်နှင့် ပြည်သူများအတွက် ထိရောက်စွာအကျိုးပြုရန် လိုအပ်ပါကြောင်း၊ ယင်းအသုံးစရိတ်များသည် နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊ ကဏ္ဍအလိုက်၊ ဒေသအလိုက်စီမံကိန်းများ၊ နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) တွင်ပါဝင်သည့် မဟာဗျူဟာစီမံကိန်းများကို ထင်ဟပ် ပေါ်လွင်စေရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့အစိုးရသက်တမ်းကာလအတွင်း ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၈ ခုနှစ် ခြောက်လဘဏ္ဍာနှစ်တို့ကို အကောင်အထည်ဖော်ခဲ့ပြီး ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ဆဲဖြစ်ရာ အကောင်အထည်ဖော်သည့် ဘဏ္ဍာနှစ် လေးနှစ်ရှိလာပြီဖြစ်သည်။ ဆောင်ရွက်ပြီးခဲ့သည့် ဘဏ္ဍာနှစ်များ၏ အားသာချက်၊ အားနည်းချက်များကိုသုံးသပ်ပြီး လာမည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွက် အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ကြရန် လိုအပ်ပါကြောင်း အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားထားသည်

နိုင်ငံတော်၏ စီးပွားရေးသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်ခန့်မှန်းခြေတွင် သင့်တင့်သည့် စီးပွားရေးတိုးတက်မှုနှုန်း ရရှိမည်ဟုမျှော်မှန်းပြီး ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားရာ မျှော်မှန်းသည့်အတိုင်း အကောင်အထည်ပေါ်နေပြီဖြစ်သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေအရ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)ကို ပုံမှန်ဈေးနှုန်းအရ ခုနစ်ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားရာ ယင်းရည်မှန်းချက် အောင်မြင်စေရန်အတွက် ပြည်ထောင်စုအစိုးရ၏ ရန်ပုံငွေသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပါသည်

ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများသည် ခွဲဝေရရှိသည့် အသုံးစရိတ်များကို နိုင်ငံတော်နှင့်ပြည်သူများအတွက် ထိရောက်စွာ အသုံးပြုခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်စေခြင်း၊ ပြည်တွင်းစားသုံးမှု တိုးတက်စေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်စေခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေးများ တိုးတက်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။ ထို့ကြောင့်နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်ရန် ဘဏ္ဍာငွေသုံးစွဲမှုကို မြှင့်တင်ပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် ပြည်သူများကို ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းစေမည့် လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားလုပ်ငန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးစရိတ်များကို ပိုမိုတိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင်လည်း ယမန်နှစ်ကထက် များစွာ သုံးစွဲသွားမည်ဟု သိရသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ဆောင်ရွက်နေပြီး နိုင်ငံတော်နှင့်တိုင်းရင်းသား ပြည်သူများအကျိုးစီးပွားအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်နေပြီဖြစ်၍ တိုင်းပြည်အကျိုးကို ဆောင်ရွက်နေသူများအားလုံး တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အတူ အမျိုးသားစီမံကိန်းနှင့် ဒေသ္တရစီမံကိန်းများကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း နှင့်အညီ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါသည်။

ကြေးမုံ